
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ဖန်မြို့နယ်ထဲမှာ တရားမဝင် ၁၀ နှစ်ခံကတ် (နိုင်ငံမဲ့ကတ်ပြား) ထုတ်ပေးမှုတွေကို စစ်ဆေးနှိမ်နင်းနေတာမှာ ပါဝင်ပတ်သက်သူပေါင်း ၅၆ ယောက် ဖမ်းဆီးရမိပြီလို့ တာဝန်ရှိသူတွေက နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်း သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
ဖန်မြို့နယ်ထဲမှာ ဥပဒေချိုးဖောက်တဲ့ တရုတ်နိုင်ငံသားတွေ အပါအဝင် တခြားနိုင်ငံခြားသားတွေကို တရားမဝင် ၁၀ နှစ်ခံကတ် ထုတ်ပေးနေကြောင်း စုံစမ်းသိရှိရတာကြောင့် ပါဝင်ပတ်သက်သူ ၇၉ ယောက်ကို ဖမ်းဝရမ်းထုတ်ပြီး သွားရောက်စစ်ဆေးခဲ့တယ်လို့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး နိုင်းဝေါလ်ဆစ် လိန်းပရဆစ်က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
မှတ်ပုံတင် အိမ်ထောင်စုစာရင်းဆိုင်ရာ မသမာမှုတိုက်ဖျက်ရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ အထူးမှုခင်းစုံစမ်းစစ်ဆေးရေး၊ အမှတ် ၅ ခရိုင်ရဲတပ်ဖွဲ့နဲ့ နယ်မြေအုပ်ချုပ်ရေးဌာနက တာဝန်ရှိသူတွေ ပါတဲ့ ပူးပေါင်းအဖွဲ့ဟာ မနေ့က ဦးတည်ရာနေရာ ၄၃ နေရာကို သွားရောက်စစ်ဆေးပြီး တရားမဝင် ၁၀ နှစ်ခံကတ် ထုတ်ပေးမှုမှာ ပါဝင်ပတ်သက်သူ မြို့နယ်စည်ပင် အရာရှိတယောက်၊ ရပ်ကျေးဥက္ကဋ္ဌ ၆ ယောက၊ ရပ်ကျေးလက်ထောက် ၂ ယောက်၊ အိမ်ရှင် ၆ ယောက်၊ ထောက်ခံပေးသူ ၂၉ ယောက်နဲ့ နိုင်ငံခြားသား ၁၂ ယောက် ဖမ်းဆီးရမိတယ်။ ဖမ်းဝရမ်းထုတ်ခံရတဲ့ထဲက ကျန်ရှိသူတွေလည်း ဆက်လက်ရှာဖွေဖမ်းဆီးသွားမယ်လို့ ဆိုပါတယ်။
ဒီမတိုင်ခင် ပြီးခဲ့တဲ့ အောက်တိုဘာလက ဘန်ကောက် ဒွန်မောင်းလေဆိပ်မှာ တရုတ်ပြည်ကို ခရီးသွားမဲ့ မိသားတစုတွင်း အသက် ၁၂ နှစ် ကလေးတယောက် ပါလာတယ်၊ လုပ်ထုံးလုပ်နည်းအရ အသက်မပြည့်သေးဘဲ ခရီးသွားရင် မိဘအုပ်ထိန်းသူ ထောက်ခံစာ ပါရမှာဖြစ်တယ်၊ DNA စစ်ဆေးချက်အရ ကလေးဟာ မိဘအရင်းနဲ့ ခရီးသွားတာဖြစ်တယ်၊ ဒါပေမဲ့ ကလေးရဲ့ မှတ်ပုံတင်မှာ ဖခင်က တခြား ထိုင်းလူမျိုးနာမည် ဖြစ်နေတယ်၊ ကွင်းဆက်တွေ ဆက်လက်စစ်ဆေး ဖော်ထုတ်ရာမှာ သူတို့ကိုင်ဆောင်ထားတဲ့ ထိုင်းမှတ်ပုံတင်တွေဟာ ဖန်မြို့နယ်ကနေ ရလာတာ ဖြစ်တယ်လို့ စစ်ဆေးတွေ့ရှိပါတယ်။
ထိုင်းနိုင်ငံသားကတ်တွေဟာ ၁၀ နှစ်ခံ တောင်ပေါ်သားကတ်တွေကနေ အဆင့်ဆင့် လွှဲလာတယ်၊ အဆိုပါကတ်ကိုရဖို့ ထိုင်းဘတ်ငွေ ၁၂၀,၀၀၀ ပေးခဲ့ရတဲ့ အထောက်အထားတွေ တွေ့ရှိတယ်၊ ဒါ့အပြင် ချွန်းပူးရီးခရိုင်မှာ လက်နက်မှုနဲ့ ဖမ်းဆီးခံထားရသူ တရုတ်တယောက်ရဲ့ ထိုင်းမှတ်ပုံတင်ဟာလည်း ဒီ ဖန်မြို့နယ်ရုံးကပဲ ထုတ်ပေးတာလို့ စစ်ဆေးတွေ့ရှိတယ်၊ ဖန်မြို့နယ်မှာ ၂၀၂၁ မှ ၂၀၂၃ ခုနှစ်တွင်း ၁၀ နှစ်ခံကတ်ကို လူ ၂၇၃ ယောက်အား ထုတ်ပေးခဲ့ပြီး အဲဒီထဲမှာ ၃၃ ယောက် (မြန်မာ ၃၁ ယောက်၊ လာအို ၁ ယောက်၊ တရုတ် ၁ ယောက်) ကို မသမာတဲ့နည်းနဲ့ ထုတ်ပေးခဲ့တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
သုညဂဏန်းနဲ့စတဲ့ မှတ်ပုံတင်နံပါတ် ၁၃ လုံးပါ ၁၀ နှစ်ခံကတ် (နိုင်ငံမဲ့ကတ်) ဟာ ဘယ်နိုင်ငံသားမှန်း မသိသူတွေ၊ အခြေအမြစ်မရှိသူတွေအတွက် မည်သူမည်ဝါမှန်းသိအောင် ထိုင်းအစိုးရက ထုတ်ပေးထားတာဖြစ်တယ်၊ ကျန်းမာရေးစောင့်ရှောက်ခွင့်၊ ပညာသင်ကြားခွင့်၊ ခရီးသွားလာခွင့်၊ ဘဏ်စာရင်းဖွင့်ခွင့် စတဲ့ အခြေခံအခွင့်အရေးတွေရှိတယ်၊ ၁၀ နှစ်တကြိမ် သက်တမ်းတိုးရပြီး နိုင်ငံသားစိစစ်တဲ့အခါ ထိုင်းမှာ မွေးဖွားကြောင်း သက်သေအထောက်အထား ရှိက ထိုင်းနိုင်ငံသားမှတ်ပုံတင် လျှောက်ထားခွင့်ရှိတယ်၊ ထိုင်းနိုင်ငံမှာ ဗီဇာလျှောက်စရာ မလိုဘဲ နှစ်ရှည်နေထိုင်လိုသူ နိုင်ငံခြားသားတွေက အကျင့်ပျက်ဝန်ထမ်းတွေကို လာဘ်ထိုးပြီး ဒီကတ်ကို ဈေးကြီးပေး ဝယ်ယူကြတယ်လို့လည်း ထိုင်းတာဝန်ရှိသူက ပြောပါတယ်။
ဒီကိစ္စဟာ နိုင်ငံတော်ရဲ့ သန်းခေါင်စာရင်းဆိုင်ရာ၊ နိုင်ငံသားမှတ်ပုံတင်ဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်ပြီး အမျိုးသားလုံခြုံရေးအတွက် အန္တရာယ်ရှိတာကြောင့် တင်းကျပ်စွာ ဖမ်းဆီးနှိမ်နင်းနေတာလည်း ဖြစ်ပါတယ်။
Source: ထိုင်းပြည်ထဲရေးဝန်ကြီးဌာန / Police TV / cmprice.com











