
အမေရိကန်ပြည်ထောင်စုမှာ ကလေးသူငယ်တွေနဲ့ ပတ်သက်တဲ့ လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲချက်တွေနဲ့ ဖမ်းဝရမ်း ၈ ခု ထုတ်ပြန်ခံထားရတဲ့ အသက် ၄၈ နှစ်အရွယ် အမေရိကန်အမျိုးသားတယောက်ကို FBI ရဲ့ အကူအညီတောင်းခံမှုအရ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ Khaosod သတင်းမှာ ဖော်ပြပါတယ်။
အမေရိကန် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) က အယ်လာဘားမားပြည်နယ်မှာ ပြည်နယ်အဆင့် ဝရမ်း ၇ ခုနဲ့ ဖက်ဒရယ်အဆင့် ဝရမ်း ၁ ခု ထုတ်ပြန်ထားတဲ့ အမေရိကန်နိုင်ငံသား လန်းစ် မိုက်ကယ်ဘက်ခ်ကို ရှာဖွေပေးဖို့ ထိုင်းအာဏာပိုင်တွေကို တောင်းဆိုခဲ့ကြောင်း ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ဩဂုတ် ၂၇ ရက်မှာ ပြောပါတယ်။
ဘက်ခ်ဟာ ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု၊ မုဒိမ်းမှု၊ လူကုန်ကူးမှု၊ တရားမဝင် လိင်ပိုင်းဆိုင်ရာ ပြုလုပ်မှုတွေအတွက် ကလေးသူငယ်တွေ ခရီးသွားလာရေး ကူညီဆောင်ရွက်ပေးမှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ ဆွေမျိုးနီးစပ်သူအချင်းချင်း လိင်ဆက်ဆံမှု အပါအဝင် ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန်တဲ့ ပြစ်မှုများစွာမှာ ပါဝင်ပတ်သက်နေတယ်လို့ အမေရိကန် အာဏာပိုင်တွေက စွပ်စွဲပါတယ်။
ဘက်ခ်ဟာ အသက် ၁၄ နှစ်အောက် ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေမှာ ပါဝင်ပတ်သက်ခဲ့ပြီး ဒီလုပ်ရပ်တွေကို ဗီဒီယိုရိုက်ကူးခဲ့ကာ အမေရိကန်ကနေ ထွက်ပြေးလာပြီးနောက် ထိုင်းနိုင်ငံသို့ လာရောက်ခဲ့ကြောင်း ထိုင်းစုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။
ဖူးခက်ရှိ ထိုင်းရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေနဲ့ စုံစမ်းစစ်ဆေးသူတွေဟာ ဘက်ခ်ရဲ့ သဲလွန်စကို လိုက်လံရှာဖွေရာ ဖူးခက် အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် ထိုင်းနိုင်ငံကို ဝင်ရောက်ခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ပြီးနောက် သာလန်းခရိုင်၊ ဆာခူးမြို့နယ်ခွဲရှိ ဟိုတယ်တခုမှာ ရှိနေကြောင်း စုံစမ်းသိရှိခဲ့တယ်လို့ ဆိုပါတယ်။
ဩဂုတ် ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်လောက်မှာ တာဝန်ရှိသူတွေက အဆိုပါဟိုတယ်မှာ ဘက်ခ်ကို တွေ့ရှိခဲ့ပြီး သူဟာ အာဏာပိုင်တွေ ရှာဖွေနေတဲ့ သူဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။
လူဝင်မှုကြီးကြပ်ရေး အရာရှိတွေက ထိုင်းနိုင်ငံအတွင်း သူ့ရဲ့ နေထိုင်ခွင့်ကို ရုပ်သိမ်းခဲ့ပြီး ဥပဒေလုပ်ထုံးလုပ်နည်းတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း (IDC) ကို လွှဲပြောင်းပေးခဲ့ပါတယ်။
ဒီနောက် ဘက်ခ်အား တရားစွဲဆိုထားတဲ့ပြစ်မှုတွေ ရင်ဆိုင်နိုင်ဖို့ အမေရိကန်ကို ပြန်လည်လွှဲပြောင်းပေးရေးအတွက် ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
Source: Khaosod











