
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ FREE HER လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ကြဖို့ ကမ်ပိန်းအဖွဲ့က ဖိတ်ခေါ်လိုက်ပါတယ်။
ဒီလှုပ်ရှားမှုရဲ့ အဓိကတောင်းဆိုချက် ၃ ရပ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ ချက်ချင်း ပုံမှန်တွေ့ဆုံ ဆက်သွယ်ခွင့်ပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
FREE HER လှုပ်ရှားမှုအသံတွေ ပိုမိုကျယ်ပြန့်လာစေဖို့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ကြိုးပမ်းမှုကို လူမှုကွန်ရက်အင်တာနက်စာမျက်နှာတွေနဲ့ မိတ်ဆွေအသိုက်အဝန်းတွေဆီ မျှဝေပေးဖို့လည်း တိုက်တွန်းထားပါတယ်။
FREE HER ဝက်ဘ်ဆိုက်ကနေ ပို့စကတ်တွေ ဒေါင်းလုဒ်ရယူပြီး သက်ဆိုင်ရာနိုင်ငံက စစ်အာဏာရှင်လက်အောက်ခံ မြန်မာသံရုံးကို ပေးပို့ဖို့၊ ဝက်ဘ်ဆိုက်က နမူနာစာကို ဒေါင်းလုဒ် ရယူပြီး ကိုယ့်သဘောထားတွေ ဖြည့်စွက်ပြီးနောက် မိမိတို့နေထိုင်ရာနိုင်ငံမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဆီကို ပေးပို့နိုင်တယ်လို့လည်း ဆိုပါတယ်။
စစ်အာဏာရှင်လက်အောက်ခံ မြန်မာသံရုံးတွေရှေ့မှာ ငြိမ်းချမ်းစွာစုဝေးခြင်း၊ ပို့စကတ်နဲ့ စာတွေပေးပို့ဖို့လည်း ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။
FREE HER ကမ်းပိန်းဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားအငယ် ကိုထိန်လင်း (ကင်အဲရစ်) ကိုယ်တိုင် ဦးဆောင်ဆောင်ရွက်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု ဖြစ်ပါတယ်။











