
VOA သတင်းဌာနကို ရပ်ဆိုင်းထားတဲ့အမှုမှာ ထမ်ရမ့်ပ် အစိုးရဘက်က အသာစီးပြန်ရထားတာကြောင့် လိုအပ်ရင် ဖယ်ဒရယ်တရားလွှတ်တော်အထိ တက်ဖို့ ဝန်ထမ်းတွေဘက်က ပြန်လည်ကြိုးစားနေပါတယ်။
ထရမ့်ပ်အစိုးရက VOA သတင်းဌာနကို ရပ်ဆိုင်းပြီး ဝန်ထမ်းတွေကို လစာနဲ့ ခွင့်ပေးထားတဲ့ လုပ်ရပ်ကို အမေရိကန်ပြည်ထောင်စု ဒီစီခရိုင်တရားရုံးက ဧပြီ ၂၂ ရက်မှာ ပယ်ဖျက်ကြောင်း အမိန့်ထုတ်ခဲ့တာပါ။
ဒီအမိန့်ကို ထရမ့်ပ်အစိုးရရှေ့နေအဖွဲ့က ဒီစီခရိုင် အယူခံတရားရုံးမှာ အယူခံပြန်ဝင်ခဲ့ပြီး ထရမ့်ပ်အစိုးရအဖွဲ့ရဲ့ မူလဆောင်ရွက်ချက်ဟာ တရားဝင်တယ်လို့ ခရိုင်အယူခံတရားရုံးက ပြီးခဲ့တဲ့အပတ်မှာ ယာယီအမိန့် ပြန်လည်ထုတ်ပြန်ခဲ့ပါတယ်။
ခရိုင်တရားရုံးအမိန့်မှာ ဝန်ထမ်းတွေဘက်က အသာစီးရခဲ့ပေမဲ့ ခရိုင်အယူခံတရားရုံးမှာ ထရမ့်ပ်အစိုးရရှေ့နေတွေဘက်က ပြန်လည်အသာစီးယူသွားတဲ့ အနေအထား ဖြစ်ခဲ့တာပါ။
VOA မြန်မာပိုင်း အစီအစဉ်တင်ဆက်သူ မအင်ကြင်းနိုင်က “VOA ဝန်ထမ်းတွေ VOA Contractor တွေကို ထုတ်တာ ဖြုတ်တာ လျှော့တာတွေ မလုပ်ရဘူးဆိုတဲ့ တရားသူကြီး လန်းဘတ်ရဲ့ တားမြစ်ချက်ကို အယူခံတရားရုံးက ပယ်ဖျက်ပေးလိုက်တယ်။ ထရမ့်ပ်တို့က အယူခံတရားရုံးကို သူတို့တင်ထားတဲ့အတိုင်း သူတို့ဘက်ကိုလိုက်ပြီးတော့ ဆုံးဖြတ်တာမျိုး ဖြစ်သွားတာပေါ့။ VOA အမှုကို အယူခံတရားရုံးအနေနဲ့ ကြားနာမလား မကြားနာဘူးလား၊ လက်ခံမလား လက်မခံဘူးလား ဆိုတာကိုတော့ ဇူလိုင်လမှာ သိရမယ်။ ဒါပေမဲ့ တဖက်မှာကျတော့ VOA အမှုက ပြီးသွားပြီလားဆိုတော့ မပြီးသေးဘူး။ VOA ကို ထရမ့်ပ်အစိုးရအနေနဲ့ ပယ်ဖျက်လို့မရဘူး။ ဝန်ထမ်းတွေကို အခုလိုကိုင်တွယ်တာဟာ အမေရိကန်ရဲ့ အလုပ်သမားဥပဒေကို ချိုးဖောက်ရာရောက်တယ်ဆိုတဲ့ တကယ့် အဓိက စွဲချက်တွေကိုတော့ အယူခံတရားရုံးက စဉ်းစားသုံးသပ်နေတာပေ့ါ။ အခု အယူခံတရားရုံးမှာ တရားသူကြီး ၁၁ ဦးလုံးရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေတယ်။ တဖက်မှာလည်း အမတို့က နောက်ဆုံး Supreme Court တရားရုံးကိုသွားဖို့လည်း အမတို့က နောက်ဆုံးအချိန်မှာ ရှိတယ်။ တကယ်လို့ VOA ဝန်ထမ်းတွေကို သူတို့ဖြုတ်တော့မယ်ဆိုရင် ဒါကို အမြန်ဆုံး ကာကွယ်ပေးဖို့ဆိုတဲ့ အရေးပေါ်အမိန့်ကို တရားရုံးဘက်က ထုတ်ဖို့ဆိုတာလည်း အမတို့ ပြန်ပြီး လျှောက်ဖို့ရှိတယ်” လို့ ပြောပါတယ်။
သမ္မတထရမ့်ပ်ရဲ့ အမိန့်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း VOA ဘက်က တရားပြန်စွဲထားတဲ့အမှု ၂ ခုရှိခဲ့ပြီး တခုက ဂျာနယ်လစ်တွေက လုပ်ငန်းပုံမှန်ပြန်လည်ပတ်နိုင်ရေး တောင်းဆိုချက်နဲ့ စွဲထားတဲ့အမှု ဖြစ်ပါတယ်။
နောက်တခုက VOA ဒါရိုက်တာက သမ္မတထရမ့်ပ်ရဲ့ အမိန့်ဟာ လွှတ်တော်မှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို ကျော်လွန်နေတာကြောင့် တရားမဝင်ကြောင်း စွဲဆိုထားတဲ့အမှု ဖြစ်ပါတယ်။
လော့စ်အိန်ဂျလိစ် မြန်မာလှုပ်ရှားမှုအဖွဲ့ LA2M မှ ဂျိမ်းစ်ရွှေက “တဖက်က အယူခံဝင်လိုက် နောက်တဖက်က အယူခံဝင်လိုက်နဲ့ တော်တော်နဲ့ပြီးမှာမဟုတ်ဘူး။ သူတို့လိုချင်တာက သူတို့ရဲ့ ထောက်ခံတဲ့လူတွေကို ပြချင်တာ။ ဒါလုပ်လိုက်တဲ့အတွက် အနည်းဆုံး ၆ လ ၁ နှစ် ဒီဟာတွေ ပိတ်သွားတယ်။ အဲဒါဆိုရင် သူတို့က ပြည်တွင်းမှာ ထောက်ခံမှုရမှာပေါ့၊ သူတို့ကို ထောက်ခံတဲ့သူတွေလေ။ အဲဒါကို သူတို့က မျှော်ကိုးပြီး လုပ်နေတာဗျ။ အရှည်ကျလို့ရှိရင်လည်း နောက်ဆုံးကြတော့လည်း တဝက်တဝက်နဲ့ ပြီးသွားမှာဗျ။ တဖက်က လုံးဝ အပြတ်အသတ်နိုင်တယ် ဆိုတာတော့ ရှိမှာမဟုတ်ဘူး။ ဒါပေမဲ့ ကျနော်တို့ကတော့ တော်လှန်ရေးအတွက်ကို ဒီလို VOA၊ RFA က အထောက်အကူပြုတယ်လို့ ယူဆတဲ့အတွက် သူတို့ကို ရှိစေချင်တယ်။ အဲဒါကိုလည်း ကျနော်တို့နဲ့ အဆက်အသွယ်ရှိတဲ့ ကွန်းဂရက်စ်ကလူတို့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ဘာတို့တောင် ကျနော်တို့ တင်တယ်ဗျ။ ဒါပေမဲ့ အတိုက်အခံလုပ်ပြီးတော့ အခုအစိုးရကိုလည်း ကျနော်တို့က မတင်ရဲဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ တော်လှန်ရေးအတွက်က တတ်နိုင်သမျှကို ကပ်သပ်ပြီးတော့ကို တောင်းရမှာကိုး။ တောင်းရမှာဆိုတော့ သူတို့ကို သိပ်ပြီးတော့ ကလန်ကဆန်တော့ ကျနော်တို့ မလုပ်ချင်ဘူးဗျာ” လို့ ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မတ် ၁၄ ရက်မှာ သတင်းဌာနတွေကို စီမံကိုင်တွယ်တဲ့ ဂလိုဘယ်မီဒီယာ အစိုးရအေဂျင်စီ USAGM (United States Agency for Global Media) အပါအဝင် တခြားအစိုးရအေဂျင်စီ ၆ ခုရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို အနည်းဆုံးဖြစ်အောင် ထားဖို့ ညွှန်ကြားချက်မှာ လက်မှတ်ရေးထိုးခဲ့တာပါ။
ထရမ့်ပ်အစိုးရဟာ သတင်းဌာနတွေကို ရပ်ဆိုင်းတာ အပါအဝင် အငြင်းပွားဖွယ်ရာ ဆောင်ရွက်ချက် အများအပြားကို သမ္မတတာဝန်ယူပြီး ၃ လကျော်ကာလအတွင်းမှာ ဆက်တိုက်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့လုပ်ရပ်တွေကြောင့် ထရမ့်ပ်အစိုးရဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့ စွဲချက်တွေနဲ့ မတ်လကုန်ပိုင်းအထိ တရားစွဲဆိုမှုပေါင်း ၁၃၂ ခုအထိ ပြန်လည်ရင်ဆိုင်နေရတယ်လို့ သတင်းဌာနတွေရဲ့ မှတ်တမ်းတွေက ဖော်ပြပါတယ်။
သုတချမ်းသာ