
VOA ဝန်ထမ်းတွေ အစိုးရကို စွဲဆိုထားတဲ့အမှုနဲ့ပတ်သက်ပြီး ဒေသစံတော်ချိန် စက်တင်ဘာ ၁၅ ရက် မနက်က အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီခရိုင်တရားရုံးမှာ နှစ်ဖက် ကြားနာပွဲ ကျင်းပခဲ့ပါတယ်။
VOA ဝန်ထမ်းတွေရဲ့ ကိုယ်စားလှယ်ရှေ့နေနဲ့ အစိုးရကိုယ်စားလှယ်ရှေ့နေတို့က ဒီစီခရိုင် တရားသူကြီး လန်းဘတ်ရှေ့မှာ VOA ရဲ့ နောက်ဆုံးအခြေအနေတွေနဲ့ပတ်သက်ပြီး ထွက်ဆို တင်ပြချက်တွေ ပေးခဲ့ကြပါတယ်။
အမေရိကန်အစိုးရဟာ တရားရုံးက ချမှတ်ထားတဲ့အမိန့်တွေကို လိုက်ပါဆောင်ရွက်ခြင်းမရှိတာနဲ့ အစိုးရရဲ့ ချေပချက်တွေဟာ ခိုင်လုံမှုမရှိဘူးဆိုတာကို VOA ဝန်ထမ်းတွေရဲ့ ကိုယ်စားလှယ် ရှေ့နေက တရားသူကြီးကို တင်ပြခဲ့ပြီး အဲဒီတင်ပြချက်ကို အစိုးရရှေ့နေက ပြန်ချေပခဲ့တယ်လို့ VOA မြန်မာပိုင်း သတင်းတင်ဆက်သူ မခင်ဖြူထွေးက ပြောပါတယ်။
“ချေပရာမှာ ပြောနေကျအတိုင်း VOA ဟာ လည်ပတ်နေတယ်၊ ပြန်ခေါ်ထားတဲ့လူ ၁၀၀ ကျော်ရှိပြီ၊ အေဂျင်စီတွေရဲ့ အသုံးစရိတ်တွေကို လျှော့ချဖို့ အစိုးရဘက်က ကြိုးစားတဲ့အတိုင်း ဆောင်ရွက်ချက်တွေကို ပြုလုပ်နေတာ ဖြစ်တယ်၊ သူတို့ရဲ့ဆောင်ရွက်ချက်တွေဟာ တရားရုံးအမိန့်ကို ဆန့်ကျင်တာမရှိပါဘူးလို့ အစိုးရဘက်က တင်ပြခဲ့တာတွေ့ရပါတယ်။ တရားသူကြီးက အစိုးရက တရားရုံးရဲ့အမိန့်ကို လိုက်ပါဆောင်ရွက်နေတယ်ဆိုရင် ဘယ်လိုပုံစံနဲ့ ဆောင်ရွက်နေတာလဲ၊ အစိုးရက ငွေကြေးကိုရော ဘယ်လိုသုံးစွဲနေလဲ၊ ဝန်ထမ်းတွေကို အိမ်မှာဒီအတိုင်း ထိုင်ခိုင်းထားတာက တရားရုံးညွှန်ကြားချက်ကို ဆောင်ရွက်နေတာလား ဆိုတာမျိုးပေါ့နော်၊ ပြန်ပြီးမေးတဲ့ မေးခွန်းတိုင်းကို အစိုးရရှေ့နေက ခိုင်ခိုင်မာမာ ပြန်တုံ့ပြန်နိုင်တာကို မတွေ့ရဘူး၊ ဆိုတော့ ဒီနေ့ကြားနာပွဲကတော့ ကျမတို့ဝန်ထမ်းတွေဘက်ကကြည့်ရင်တော့ အင်မတန် အားရစရာကောင်းပါတယ်၊ ဒီနေ့ကြားနာပွဲကနေ ချက်ချင်း တစုံတရာရလဒ်ကတော့ ကျမတို့ မျှော်လင့်လို့ မရပါဘူး၊ တရားသူကြီးက နှစ်ဖက်ရှေ့နေတွေရဲ့ တင်ပြချက်တွေကို နားထောင်တဲ့ အဆင့်ပေါ့နော်၊ ပြီးမှ သူ့ရဲ့ထင်မြင်ချက် သဘောထားထုတ်ပြန်တာကို ကျမတို့ စောင့်ရဦးမှာ ဖြစ်ပါတယ်။”
VOA ဝန်ထမ်း ၁,၀၀၀ ကျော် မတ် ၂၃ ရက်ကစပြီး လုပ်ငန်းခွင် ပြန်ဝင်ရမယ်ဆိုတဲ့ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ၊ ဖက်ဒရယ်တရားသူကြီး လမ်းဘတ်သ် ထုတ်ပြန်ထားတဲ့အမိန့်ကို အယူခံတရားရုံးက ဒေသစံတော်ချိန် ဧပြီ ၁ ရက်မှာ ယာယီဆိုင်းငံ့ခဲ့ပါတယ်။
ဖက်ဒရယ်တရားသူကြီး လမ်းဘတ်သ်ရဲ့ မတ် ၁၇ ရက် အမိန့်စာနဲ့အညီ ဝန်ထမ်းတွေ လုပ်ငန်းခွင်ပြန်ဝင်ဖို့ ကိစ္စကို ဆောင်ရွက်နေပြီဖြစ်ကြောင်း မတ် ၂၃ ရက်မှာ USAGM က ဝန်ထမ်းတွေဆီကို အသိပေးအကြောင်းကြားစာတွေ ပေးပို့ခဲ့ပါတယ်။
ခြွင်းချက်အနေနဲ့ တပတ်ကို ဝန်ထမ်း ၇၀ နှုန်း လုပ်ငန်းခွင်ပြန်ဝင်ဖို့သာ USAGM ဘက်က ဆောင်ရွက်နိုင်ဦးမယ်ဆိုတဲ့ အဆိုပြုချက်ကိုတော့ လက်ခံကြောင်း တရားရုံးက မတ် ၂၀ ရက်နေ့ညပိုင်းမှာ အမိန့်စာ ထပ်မံထုတ်ပြန်ခဲ့ပါတယ်။ ဒီအမိန့်တွေအားလုံးဟာ အယူခံတရားရုံးရဲ့ အမိန့်အရ ဆိုင်းငံ့အခြေအနေကို ရောက်သွားခဲ့တာပါ။
ပြီးခဲ့တဲ့ တရားရုံးမှတ်တမ်းတွေနဲ့ ဖြစ်စဉ်တွေအရ VOA ဝန်ထမ်းတွေ လုပ်ငန်းခွင်ပြန်ဝင်မဲ့ အရေးကိစ္စနဲ့ပတ်သက်ပြီး အစိုးရက နည်းလမ်းပေါင်းစုံနဲ့ အချိန်ဆွဲနေတဲ့ သဘောသက်ရောက်နေတာပါ။
VOA ဝန်ထမ်းတွေဘက်က USAGM ကို စွဲဆိုထားတဲ့အမှု ၃ ခုအထိရှိနေပြီး ပထမအမှုကတော့ ဝန်ထမ်းတွေကို လုပ်ငန်းခွင်ကနေ ရပ်နားခဲ့တာဟာ အမေရိကန်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်အမှတ် ၁၊ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ကို ချိုးဖောက်တာဖြစ်ပြီး အလုပ်သမားဥပဒေကိုလည်း အစိုးရက ချိုးဖောက်တယ်ဆိုတဲ့ စွဲချက်နဲ့ စွဲဆိုထားတဲ့အမှု ဖြစ်ပါတယ်။
ဒုတိယအမှုကတော့ VOA ယန္တရားတခုလုံးကို ထရမ့်ပ်အစိုးရက ပိတ်သိမ်းတာဟာ ဥပဒေနဲ့မညီတာကြောင့် တရားမဝင်ဘူးဆိုပြီး VOA ဒါရိုက်တာအေဗရာမိုဝဇ်က စွဲဆိုထားတဲ့အမှု ဖြစ်ပါတယ်။
တတိယအမှုကတော့ သမ္မတထရမ့်ပ်ရဲ့ ညွှန်ကြားချက်တွေအတိုင်း ဆောင်ရွက်ခဲ့တဲ့ USAGM တာဝန်ရှိသူတွေရဲ့ လုပ်ရပ်ဟာ လွှတ်တော်က VOA အတွက် ပြဋ္ဌာန်းထားတဲ့ သတင်းလွတ်လပ်ခွင့်၊ တည်းဖြတ်မှုဆိုင်ရာ လွတ်လပ်ခွင့်၊ ကျင့်ဝတ်နဲ့အညီ ရပ်တည်ခွင့်တွေကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဝန်ထမ်းတွေက ၂၀၂၆ ခု မတ် ၂၃ ရက်မှာ စွဲဆိုထားတဲ့အမှု ဖြစ်ပါတယ်။
၂၀၂၅ ခု မတ် ၁၄ ရက်မှာ သတင်းဌာနတွေကို စီမံကိုင်တွယ်တဲ့ ဂလိုဘယ်မီဒီယာအစိုးရအေဂျင်စီ (USAGM) အပါအဝင် တခြားအစိုးရအေဂျင်စီ ၆ ခုရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို အနည်းဆုံးဖြစ်အောင်ထားဖို့ ညွှန်ကြားချက်ကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်က လက်မှတ်ရေးထိုးခဲ့တာပါ။
ညွှန်ကြားချက်ထုတ်ပြန်ပြီးနောက် USAGM ထိပ်တန်းရာထူးနေရာတွေကို လူစားထိုးတာ၊ VOA ဝန်ထမ်းအများအပြားကို အလုပ်က ထုတ်ပယ်ကြောင်း စာပို့တာ၊ အသံလွှင့်လုပ်ငန်းတွေ ရပ်ဆိုင်းတာ စတာတွေကို အစိုးရက ဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် ဝန်ထမ်းတွေဘက်က တရားစွဲဆိုတာတွေ ပြန်လည်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။











