
သမ္မတ ဒေါ်နယ်ထရမ့်ပ် ချမှတ်ထားတဲ့ စည်းကြပ်ခွန်အများစုကို အမေရိကန်ရဲ့ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးတရားရုံးက တားမြစ်လိုက်ပြီး သမ္မတရဲ့ လုပ်ပိုင်ခွင့်အာဏာကို ကျော်လွန်နေတယ်လို့ တွေ့ရှိရကြောင်း ဆုံးဖြတ်လိုက်ပါတယ်။
အမေရိကန် အခြေခံဥပဒေအရ တခြားနိုင်ငံတွေနဲ့ ကူးသန်းရောင်းဝယ်ရေးကို စည်းကြပ်ဖို့ သီးသန့်လုပ်ပိုင်ခွင့်အာဏာကို ကွန်ဂရက်လွှတ်တော်ကိုသာ အပ်နှင်းထားတယ်လို့ တရားရုံးက ကောက်ချက်ချပါတယ်။
လွှတ်တော်မှာသာရှိတဲ့ ဒီအာဏာကို အမေရိကန်စီးပွားရေးကို ကာကွယ်စောင့်ရှောက်ဖို့ သမ္မတရဲ့ အရေးပေါ်လုပ်ပိုင်ခွင့်အာဏာက လွှမ်းမိုးပိုင်ခွင့်မရှိဘူးလို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
စည်းကြပ်ခွန်ကို ဖိအားပေးညှိနှိုင်းဖို့ အရှိန်အဝါတခုလို အသုံးချတဲ့ သမ္မတရဲ့ ရှုမြင်တွေးခေါ်မှု၊ ထိရောက်နိုင်ခြေရှိမှုကို တရားရုံးက ဆုံးဖြတ်မှာမဟုတ်ဘူးလို့ တရားသူကြီးသုံးပါးထိုင် တရားခွင်က ထုတ်ပြန်ပါတယ်။
ဒါက အမြော်အမြင်မရှိတဲ့ လုပ်ရပ်ဖြစ်လို့၊ ထိရောက်နိုင်ခြေမရှိလို့ ဆိုပြီး ခွင့်မပြုတာမျိုး မဟုတ်ဘဲ၊ ပြည်ထောင်စုဥပဒေအရကို ခွင့်ပြုမရတာ ဖြစ်တဲ့အတွက် တားမြစ်တာလို့ တရားရုံးက ဆိုပါတယ်။
ဇန်နဝါရီလကတည်းက ထရမ့်ပ် ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့နိုင်ငံအသီးသီးကို လွှမ်းခြုံတဲ့ စည်းကြပ်ခွန်တွေအပေါ် အမြဲတမ်း တားမြစ်မိန့်တခု ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
တိုင်းပြည်အရေးပေါ်ကာလအတွင်း ပုံမှန်မဟုတ် ထူးခြားတဲ့ ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ရာမှာ သုံးရတဲ့ အပြည်ပြည်ဆိုင်ရာ အရေးပေါ်စီးပွားရေးလုပ်ပိုင်ခွင့်အာဏာများ အက်ဥပဒေ (IEEPA) ကို အခြေခံပြီး ထရမ့်ပ်ကထုတ်ခဲ့တဲ့ စည်းကြပ်ခွန်ဆိုင်ရာအမိန့်တွေ အားလုံးကို တရားရုံးက တားမြစ်တာဖြစ်ပါတယ်။
ဒါပေမဲ့ မော်တော်ကား၊ သံမဏိနဲ့ အလူမီနီယမ်တို့အပေါ် လုပ်ငန်းနယ်ပယ်အလိုက် သီးသန့်ချမှတ်တဲ့ စည်းကြပ်ခွန်တွေကတော့ မတူညီတဲ့ ဥပဒေအောက်က သွားတာဖြစ်လို့ တရားရုံးရဲ့ တားမြစ်မိန့်နဲ့ မသက်ဆိုင်ပါဘူး။
မန်ဟက်တန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးတရားရုံးဟာ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနဲ့ အကောက်ခွန်ဥပဒေဆိုင်ရာ အမှုအခင်းတွေကို ကြားနာရတဲ့ရုံး ဖြစ်ပါတယ်။
ဒီရုံးရဲ့ ဆုံးဖြတ်ချက်တွေကို ဝါရှင်တန်ဒီစီက ပြည်ထောင်စုအယူခံတရားရုံး၊ အဲဒီကမှ အမေရိကန်တရားရုံးချုပ်အထိ အဆင့်ဆင့် အယူခံတက်နိုင်ပါတယ်။
ထရမ့်ပ်အစိုးရအနေနဲ့ တားမြစ်မိန့်နဲ့ကိုက်ညီတဲ့ အမိန့်တွေ ၁၀ ရက်အတွင်း ထုတ်ပြန်ပေးရမယ်လို့ပါ ရုံးတော်က ညွှန်ကြားပါတယ်။
ထရမ့်ပ်အစိုးရကတော့ အယူခံတက်ထားပြီးတော့ ဒီတရားရုံးမှာ ဒီလိုလုပ်ပိုင်ခွင့်အာဏာ ရှိသလား ဆိုတာပါ မေးခွန်းထုတ်ထားပါတယ်။
Source: Reuters