
မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း၊ စစ်တန်းရပ်ကွက်မှာ အဒေါ်ရဲ့ ယောကျ်ားဖြစ်သူက တူမဖြစ်သူကို မုဒိမ်းပြုကျင့်ပြီးနောက် ကျူးလွန်သူ တရားခံကို မေ ၂၉ ရက်အထိ အရေးယူ ဖမ်းဆီးမှု မရှိတာကြောင့် ထွက်ပြေးလွတ်မြောက်နေတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်ကို မေ ၂၆ ရက် ညမှာ ဦးလေးဖြစ်သူက အကြမ်းဖက်ဖို့ ကြိုးစားပြီး မုဒိမ်းကျင့်တာကြောင့် အမျိုးသမီးငယ်က ရုန်းကန်တဲ့အခါ ခေါင်းအုံးနဲ့ဖိထားခဲ့လို့ သတိပါလစ်ခဲ့တယ်လို့ ဖြစ်စဥ်သိရှိသူ အမျိုးသမီးတယောက်က ပြောပါတယ်။
“၂၇ ရက်နေ့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတိုင်ပြီး ရဲစခန်းကို သွားတိုင်တယ်။ ဆေးစစ်ချက်တွေကော အကုန်ယူသွားတယ်။ ကလေးမလေးကိုလည်း ဆေးရုံမှာ အကုန်စစ်တယ်။ ဒါပေမဲ့ အဲဒီကျူးလွန်သူ တရားခံကို လာဖမ်းတာမရှိဘူး။ တရားခံက အိမ်ထောင်စုဇယား၊ မှတ်ပုံတင်တွေ၊ စာရွက်စာတမ်းတွေယူပြီး ပုန်းနေပြီ။”
မုဒိမ်းမှု ကျူးလွန်ခံရသူ အမျိုးသမီးရဲ့ မိခင်ဖြစ်သူကလည်း ဆေးမှုနဲ့ ထောင်ကျနေတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
ရပ်ကွက်နေ အမျိုးသမီးတယောက်က “အော်ဟစ်ဆဲဆိုမှု၊ ရမ်းကားမှုတို့ဆို ချက်ချင်း လာဖမ်းကြတယ်။ ခုက ဘာလို့လဲ၊ ဒီအမှုက မကြီးလို့လား၊ ရဲစခန်းကို သွားတိုင်တော့လည်း တရားခံကို ဖမ်းမိမှ အမှုဖွင့်လို့ရမယ် ပြောတယ်။ လက်တွေ့မှာကော သူတို့က ဖမ်းနေလို့လား” လို့ ပြောပါတယ်။
မုဒိမ်းမှု ကျူးလွန်ခဲ့တဲ့ တရားခံက အမျိုးသမီးငယ်ကို ဒီကိစ္စ တခြားသူတွေကို ပြောရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တာကြောင့် တရားခံ လွတ်မြောက်နေတာက ကျူးလွန်ခံရတဲ့ အမျိုးသမီးအတွက် လုံခြုံရေးအခြေအနေ စိုးရိမ်နေရတယ်လို့ ပြောပါတယ်။