DVB Logo
Home
မြန်မာသတင်း
ကရင်နီတွင် မေလအတွင်း PSMS စနစ်ဖြင့် ဖမ်းခံရသူ အနည်းဆုံး ၄ ယောက်ရှိ
DVB
·
May 29, 2025
ကရင်နီတွင် မေလအတွင်း PSMS စနစ်ဖြင့် ဖမ်းခံရသူ အနည်းဆုံး ၄ ယောက်ရှိ
Donate to DVB

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ထဲကို ပြန်ဝင်လာသူတွေနဲ့ စစ်ကောင်စီဂိတ်စခန်းတွေကို ဖြတ်သန်းသွားလာရသူတွေကို မှတ်ပုံတင်တောင်းပြီး စက်ထဲထိုးစစ်ရင်းကနေ ဖမ်းဆီးခံရသူတွေ ရှိနေပါတယ်။

မေ ၂၂ ရက်နဲ့ ၂၃ ရက်တွေမှာ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းရှိရာ ကန်ခုနှစ်ဆင့်နားက GE ဂိတ်မှာ သားအဖ ၂ ယောက်၊ ဆရာမတယောက်နဲ့ လူငယ်တယောက်တို့ မှတ်ပုံတင်ကို PSMS နည်းစနစ်နဲ့ စစ်ဆေးပြီးနောက် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူရဲ့ အသိမိတ်ဆွေက “သူတို့က နေရာတိုင်းမှာစစ်တယ်။ မှတ်ပုံတင်ထိုးစစ်လိုက်ရင် Kpay ဘာနာမည်နဲ့ဖွင့်ထားလဲဆိုတာ ပေါ်တယ်။ အဲဒါကြောင့် ခရီးသွားပြီဆိုရင် Kpay ကို မသုံးသင့်တော့ဘူး။ ဆရာမတယောက်လည်း ဖမ်းမိတယ်၊ ဒီလထဲမှာ။ PDF ဆီ လှူထားလို့ဆိုတဲ့ ပုံမျိုးနဲ့။ ဟိုတနေ့ကလည်း သားဖနှစ်ယောက် ဖမ်းသွားတယ်။ အဲဒါတွေကတော့ ရဲစခန်းမှာပဲထားတယ်။ ကျန်တဲ့သူတွေက အပြင်မှာထားတာ။ သူတို့ဆီကနေ သတင်းနှိုက်နေတယ်လို့ ပြောတယ်” လို့ ပြောပါတယ်။

မတ်လလောက်ကစပြီး မြို့ပြက စစ်ကောင်စီစိုးမိုးရာ နေရာဒေသတွေမှာ PSMS ကို အသုံးပြုပြီး ဖမ်းဆီးမှုတွေရှိနေတဲ့အပြင် တိုင်းရင်းသားဒေသတွေမှာလည်း အဲဒီစနစ်ကို အသုံးပြုပြီး ဖမ်းဆီးတာတွေ ရှိနေတာပါ။

PSMS (Person Scrutinization and Monitoring System) ဆိုတာ ဉာဏ်ရည်တုနည်းပညာ AI၊ သွင်ပြင်မှတ်သားခြင်းနည်းပညာ၊ ဗဟိုချုပ်ကိုင်မှု CCTV စောင့်ကြည့်ရေးနည်းပညာနဲ့ နိုင်ငံသားတွေရဲ့ အချက်အလက်တွေကို စုစည်းသိမ်းဆည်းထားတဲ့ National Database တို့ စုပေါင်းအလုပ်လုပ်တဲ့ စနစ်တခုလို့ ဆိုနိုင်ပါတယ်။

ကရင်နီမှာ ဖမ်းဆီးထားသူတွေကို လွိုင်ကော်ရဲစခန်းထဲမှာ ထိန်းသိမ်းထားပြီး သတင်းအချက်အလက် ရယူတာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

Spring Revolution Security - နွေဦးလုံခြုံရေး မှ Ash က “အဓိကက ခရီးသွားလာတာအပြင် သွားလာရာမှာ ဂရုစိုက်ဖို့ပေါ့နော်။ ကိုယ်သွားမယ့်လမ်းမှာ ဘာတွေရှိလဲ၊ ဘယ်လိုမျိုး အခြေအနေတွေရှိလဲ၊ Check point တွေရှိလား။ စစ်ဆေးမှုတွေ ဖမ်းဆီးမှုတွေ ဘယ်လောက်တင်းတင်းကျပ်ကျပ် လုပ်နေလဲ စတာတွေကို Scout channel တွေကဖြစ်ဖြစ် အရင်သိအောင်လုပ်ပြီးမှ သွားလာဖို့ လိုတယ်ပေါ့နော်။ တတ်ကြွလှုပ်ရှားသူတွေအနေနဲ့ ဆိုရင်တော့ ပိုပြီးတော့ အထူးဂရုစိုက်သင့်ပါတယ်။ နာမည်စာရင်းပါနေတာမျိုးတွေ ထုတ်ပြန်ထားတဲ့အထဲ ပါနေတာမျိုးတွေလည်း ဖြစ်နိုင်တယ်ပေါ့နော်။ တော်လှန်ရေးအတွက်ပဲဖြစ်ဖြစ် လှူဒါန်းမှုတွေ ပြုလုပ်တဲ့အခါဆိုရင် Mobile banking တွေကနေ ငွေကြေးလွှဲပြောင်းဖို့ ပြုလုပ်တာတွေ ဆိုရင်လည်း အထူးဂရုစိုက်ဖို့ လိုတယ်ပေါ့နော်။ ပြည်တွင်း ပြည်ပ လှုပ်ရှားသွားလာတာတွေ ဆိုရင်လည်း ဟိုတယ်တွေ တည်းတာကအစ သိုသိုသိပ်သိပ်နဲ့ သွားလာလှုပ်ရှားနိုင်ရင်တော့ အကောင်းဆုံးပဲ။ Social Media ကနေလည်း စောင့်ကြည့်လေ့လာမှုတွေ ရှိနေတာ ဖြစ်တဲ့အတွက် သုံးတယ်ဆိုရင် တတ်နိုင်သမျှ နာမည်အရင်းနဲ့ မသုံးဖို့ပေါ့နော်။ မဖြစ်မနေ နာမည်အရင်းနဲ့ သုံးရရင်လည်း လုံခြုံရေးနဲ့ ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေကို အထူးဂရုစိုက်ပြီး လုံခြုံရေး setting တွေ ချိန်ညှိထားဖို့ ပြီးတော့ ကိုယ်ရေးကိုယ်တာ အချက်အလက်ကာကွယ်ရေး နည်းစနစ်တွေကို သေချာလေး ဆောင်ရွက်ထားပြီးမှ သုံးဖို့၊ ဒါတွေပြုလုပ်ဖို့ အကြံပြုချင်ပါတယ်” လို့ ပြောပါတယ်။

ကရင်နီမှာလည်း မတ်လလောက်ကတည်းက ဖမ်းဆီးခံရသူတွေ ရှိနေပေမဲ့ အင်တာနက် အခက်အခဲ၊ လမ်းခရီး အခက်အခဲတွေကြောင့် အရေအတွက် အတိအကျသိရဖို့ ဆက်လက်စုံစမ်းနေပါတယ်။

စစ်တပ်က မြန်မာနိုင်ငံအနှံ့အပြားမှာ မတ်လကနေ မေလအတွင်း PSMS စနစ်ကို အသုံးပြုပြီး ဖမ်းဆီးထိန်းသိမ်းထားသူ ၁,၆၀၀ ကျော်ထိ ရှိနေပြီလို့ စစ်တပ်ဝါဒဖြန့် မီဒီယာတခုက ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013