
အပြောတခြား၊ လုပ်တခြားနှင့်
ဘုရားစကား၊ သူပြောကြားပြီး
လူများသတ်နေသူပါတကား။ ။
အာဏာသိမ်းပြီး ပြည်သူ ပြန်ခုခံနေလို့ စစ်ရှုံးနေတဲ့ စကစခေါင်းဆောင် မအလက ဒီမိုကရေစီကို ၁၉၈၈ ကတည်းက တပ်မတော်က ဖော်ဆောင်ပေးနေခဲ့ပေမဲ့ NLD အစိုးရလက်ထက် ကာလုံမခေါ်ခဲ့တာကြောင့် မအောင်မြင်ဘဲ “ဒီမိုကရေစီက နုနု မုန်တိုင်းက ထန်ထန်” ဖြစ်နေတယ်လို့ မေလ ၁၉ ရက်က ပြောခဲ့တယ်။ တကယ်တမ်း ဒီမိုကရေစီကို ဖျက်ဆီးနေတာက မင်းအောင်လှိုင်ရဲ့ စစ်တပ်ပါ။ ဖျက်တာက သူကိုယ်တိုင်၊ ပြီးတော့ အကောင်းလုပ်နေသူကို အပြစ်ပြော၊ အပြောတမျိုး အလုပ်တခြားပါ။ စကားကို ပြောင်းပြန်ပြောသူပါ။ မအလဟာ မဟုတ်တာ မမှန်တာတွေကို တနေ့တမျိုး ပြောနေပါတယ်။ “ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတယ်။” ဆိုတာလည်း ပြောဖူးတယ်။ မှတ်မှတ်ရရ ၂၀၂၀ ခုနှစ် ဩဂုတ် ၁၉ ရက် နေပြည်တော်မှာ ကျင်းပတဲ့ စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ပင်လုံမှာ ပြောတာပါ။ “တချို့နိုင်ငံရေးပါတီများနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းနေကြတယ်” ဆိုပြီး ပြောခဲ့တယ်။ တကယ်က သူတို့စစ်တပ်ကသာ “ဆိတ်ခေါင်းချိတ်ပြီးခွေးသားရောင်းတာ။”
ချိန်တော့ မိုး ထိုးတော့ မြေကြီး
ချိန်တော့ မိုး၊ ထိုးတော့ မြေကြီး ဆိုတာကတော့ မြန်မာစကားပုံတခု ဖြစ်ပါတယ်။ လှံနဲ့ မိုးပေါ်ကို ထိုးဖို့ ချိန်ရွယ်ပြီးမှ တကယ်ထိုးတဲ့အခါ မြေကြီးကို ထိုးစိုက်သကဲ့သို့ ကြီးကြီးကျယ်ကျယ် ချိန်ရွယ်ပြီးမှ တကယ့် လက်တွေ့၌ အဖျားရှူးသွားတယ်လို့ ဆိုလိုပါတယ်။ အခုလည်း ပြောနေတာက ဒီမိုကရေစီ လုပ်တော့ စစ်အာဏာရှင်အလုပ်ပဲ မဟုတ်လား။
ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်း
သူတို့တတွေကိုမေး
နိုင်ငံရေးလုပ်နေပါသလား
သွားမယ့်လမ်းစဉ်ကဘာတဲ့လဲ…။
အမြဲတစေ ဖြေပါလိမ့်မယ်
တို့သွားနေတာ ပြည်သူအများကြိုက်
ပြည်သူအားစိုက်
ပြည်သူတအားလိုက်နေတဲ့
ဒီမိုကရေစီလမ်းစဉ်ပါပဲ…။
ပြောတော့ဒီမိုကရေစီ
လုပ်နေတာကတော့ ဒီမိုကရေစီ စံမမီတဲ့
လူကိုအသေချည်မယ့်-စစ်ဝါဒီ…။
သြော်…သိပါပြီ
ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းစားမယ့်
ခွေးသတ်သမားပါတီ…။
တက္ကသိုလ်ဘုန်းကြွယ်(ဇူလိုင် ၂၁ ၂၀)
ဒီမိုကရေစီဆိုတာ ဘာလဲ
အခု အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင်က ဒီမိုကရေစီကို ၁၉၈၈ ခုနှစ်ကတည်းက ဖော်ဆောင်ပေးနေပါတယ်လို့ ပြောခဲ့ပြီ။ သူပြောတာတွေကို သတင်းစာတွေမှာ ဖတ်နေကြရပြီ။ မြန်မာ့အသံမှာ ကြေညာနေပြီ။ ရုပ်မြင်သံကြားတွေမှာ လွှင့်နေပြီ။ ဒီတော့ အပ်ကြောင်းထပ်နေပြီဖြစ်တဲ့ ဒီမိုကရေစီရဲ့ အဓိပ္ပာယ်ကို ပြန်ကြည့်ရအောင်။
“ဒီမိုကရေစီဟူသော စကားရပ်သည် ရှေးဟောင်းဂရိစကားလုံး demos (ပြည်သူလူထု) နှင့် kratos (အာဏာ) မှ ဆင်းသက်လာခြင်းဖြစ်သည်။ ပြည်သူအများ အာဏာပိုင်စိုးသော စနစ်ကို ခေါ်ဆိုသည်။ ဒေမိုး (လုပ်သားပြည်သူ/တိုင်းသူပြည်သား) နှင့် ကရေးစီးယား (အာဏာ/အာဏာပိုင်စိုးမှု) ပေါင်းစည်းပြန်ဆိုသော် ပြည်သူအများ စုပေါင်းပါဝင် အာဏာပိုင်စိုးသော စနစ်ဟု ဆိုနိုင်ကြောင်းလည်း ဖွင့်ဆိုချက်ရှိသည်။ ရှေးခေတ် ဂရိမြို့ပြနိုင်ငံများမှ နိုင်ငံသားများသည် အစိုးရ၏ လုပ်ငန်းဆောင်တာများတွင် တိုက်ရိုက်ပါဝင်ဆောင်ရွက်ခြင်းကို ဆိုလိုသည်။ စကားလုံးသဘောအရ ဒီမိုကရေစီဆိုသည့် အဓိပ္ပာယ်ကို အတိအကျ ဖော်ပြထားခြင်း မရှိသော်လည်း အဆုံးတွင် နိုင်ငံရေးအာဏာသည် အရွယ်ရောက်ပြီးဖြစ်သော ပြည်သူလူထုတရပ်လုံး၏ လက်တွင်း၌သာ ရှိသည်။ အဖွဲ့ငယ် အုပ်စုငယ်များ၌ အုပ်ချုပ်ပိုင်ခွင့်မရှိဟု အဓိပ္ပာယ်ထွက်သည်။” ဆိုပြီး ဝီကီပီးဒီးယားမှာ ဖွင့်ဆိုပါတယ်။
စစ်အာဏာသိမ်းတာဟာ ဒီမိုကရေစီကို ဖျက်ဆီးခြင်း
၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ လွှတ်တော်အမတ်တွေကို လွှတ်တော်ခေါ်ခွင့် မပေးတာက ဒီမိုကရေစီကို ဖျက်ဆီးတာပါပဲ။ စစ်တပ်က လွှတ်တော်ခေါ်မပေးတဲ့အပြင် လွှတ်တော်အမတ်တွေကိုတောင် သတ်ပစ်ခဲ့တာ။ ခရမ်းအမတ် ဦးတင်မောင်ဝင်း၊ ကိုကိုးကျွန်းအမတ် ဦးလှသန်း စတဲ့သူတွေကို ထောင်နဲ့ အကျဉ်းစခန်းတွေမှာ သတ်ပစ်ခဲ့တာ စစ်တပ်ပါ။ လူထုအများ ရွေးထားတဲ့ အမတ်တွေကို စစ်တပ်က သတ်ပြီး စစ်တပ်က ဒီမိုကရေစီကို ဖော်ဆောင်နေပါသည်လို့ ပြောတာကတော့ အပြောတမျိုး အလုပ်တမျိုးပါ။ ပြောတော့ မိုး ထိုးတော့ မြေကြီး ဆိုသလို ရှက်စရာလည်း ကောင်းပ။ ၈၈၈၈ မှာ အသက်တွေပေးပြီး ရလာတဲ့ ၁၉၉၀ ရွေးကောက်ပွဲပါ။ ဒီမိုကရေစီ နုနုကလေးကို စစ်တပ်မုန်တိုင်းကြီးက ရိုက်ခတ်လိုက်ပြန်တာပါ။ အခုလည်း ၂၀၂၅ ဒီဇင်ဘာ ရွေးကောက်ပွဲ လုပ်ချင်နေကြပြန်ပြီ။ လုပ်ကြည့်ပါ။ မရပါဘူး။ ရရင်လည်း စစ်တပ်က မကြိုက်ရင် သိမ်းလိုတဲ့အချိန် အာဏာပြန်သိမ်းမှာပါပဲ။ ကြံ့ခိုင်ရေးပါတီက မဲနိုင်ပြီး အုပ်ချုပ်ရင်လည်း ကြံ့ခိုင်ရေးက စစ်တပ်ပဲလေ။ စစ်တပ်ကပဲ အုပ်ချုပ်တာပဲပေါ့။
ကြံ့ခိုင်ရေးပါတီသည် စစ်တပ်ဖြစ်သည်
စစ်တပ်ဟာ ၁၉၅၈ ခုနှစ်က စတင်ပြီး အာဏာ အစမ်းသိမ်းတယ်။ ကွင်းစမ်းတာပါ။ လက်ယဉ်သွားပြီး ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်မှာ အာဏာကို ထာဝရ သိမ်းပါတော့တယ်။ ၁၉၇၄ ခုနှစ် ဇူလိုင် ၄ ရက်မှာ မဆလ - မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဖွဲ့တယ်။ နောက်တော့ မဆလ ပါတီက အုပ်ချုပ်သွားတော့တယ်။ မဆလက အရပ်သားပါတီပါလို့ ပြောနေတယ်။ ဘာပဲပြောပြော မဆလပါတီဟာ စစ်တပ်ပဲ။ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်နေဝင်းကနေ ဦးနေဝင်းကို ပြောင်း အုပ်ချုပ်တာ။ အခုလည်း သမ္မတ ဦးမင်းအောင်လှိုင် ဆိုပြီး လုပ်ဖို့ ကြံစည်နေတာပါ။ ၈၈၈၈ အရေးတော်ပုံကြီးမှာ “မဆလပါတီ တော်ပါပြီ” ဆိုပြီး ပြည်သူက တောင်းဆိုတော့ တစည - တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဆိုပြီး ပြောင်းတယ်။ ၁၉၉၀ မှာ စစ်တပ်ပါတီ တစညက NLD ကို ခွက်ခွက်လန် ရှုံးသွားတော့ ကြံ့ခိုင်ရေးပါတီကို ဖွဲ့တော့တာပါပဲ။ ပထမ ကြံ့ခိုင်ရေးအသင်း ဖွဲ့တယ်။ နောက်တော့ ပါတီ ပြောင်းဖွဲ့တာ။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (Union Solidarity and Development Association) ဟာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၁၉၉၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့မှာ ထူထောင်ခဲ့တဲ့ အဖွဲ့ဆိုပြီး စစ်တပ်က ကြေညာထားတာပါ။ ဗဟိုဌာနချုပ် နေပြည်တော်မှာ ထားတယ်။ ဗဟိုအသင်း ၁ သင်း၊ ပြည်နယ်တိုင်း အသင်း ၁၇ သင်း၊ ခရိုင်အသင်း ၆၆ သင်း၊ မြို့နယ်အသင်း ၃၂၀ သင်း ပါဝင်ပြီး ၂၀၀၇ ခုနှစ် ဧပြီလ ကောက်ယူထားတဲ့ စာရင်းအရ အသင်းဝင် ၅၂ သန်းခန့် ရှိခဲ့သတဲ့။ ဝန်ထမ်းတိုင်း မဝင်မနေရလုပ်လို့ ပြဿနာတွေ တသီကြီး တက်ကြသေးတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) Union Solidarity and Development Party - USDP ကိုလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကနေ နိုင်ငံရေးပါတီအဖြစ် ၂၀၁၀ ပြည့်နှစ် ဇွန် ၂ ရက်နေ့က ကော်မရှင်မှာ မှတ်ပုံတင်ပြီး ပြောင်းလိုက်တာ။ ကြံ့ခိုင်ရေးပါတီဟာ စစ်တပ်ပါတီပဲမို့ ကိုကိုကြီး၊ သက်သက်ခိုင်၊ စိုင်းအိုက်ပေါင်းတို့ ပြောနေကြသလို ရွေးကောက်ပွဲပြီးရင် အရပ်သားအစိုးကို ပြောင်းမယ်ဆိုတာက ဗိုလ်မင်းအောင်လှိုင်ကနေ ဦးမင်းအောင်လှိုင်ကို ပြောင်းမှာပဲ။
အပြောတမျိုး အလုပ်တမျိုး
“အာဏာသိမ်း စစ်ကောင်စီက အပစ်အခတ် ရပ်စဲပြီလို့ ကြေညာလိုက်ရင်တော့ သတိသာထားကြတော့။ သွားမယုံနဲ့နော်။ စာရွက်ပေါ်မှာပဲ အပစ်ကရပ်တာ။ မြေပြင်မှာတော့ စစ်ဆင်ရေးတွေ အလုံးအရင်းနဲ့ လာမှာပဲ။”
အထက်က စကားရပ်က ကရင်နီတိုင်းရင်းသား တပ်မှူးကြီး ဗိုလ်မှူးအောင်မြတ် ပြောခဲ့ဖူးတဲ့စကားပါ။ ဒီစကား မှန်တယ်ဆိုတာ အခု သက်သေပြနေပြီ။ ငလျင်အပြီး စစ်တပ်က အပစ်ရပ်တယ်လို့ ကြေညာနေတာပဲ။ စစ်ဆင်ရေးတွေကျ မရပ်ဘူး။ ရွာတွေ မီးရှို့ဆဲ။ လေယာဉ်သုံး ဗုံးကြဲနေတာကိုမှ တဝုန်းဝုန်း နေ့တိုင်း။ တဂျိမ်းဂျိမ်းနဲ့ ညတိုင်း။ တနေ့မှ မရပ်ဘူး။ တညမှ မရပ်ဘူးနော်။ ဘယ်လိုယုံရမလဲ။ ဘယ်လိုပုံရမလဲ။ အပြောတမျိုး အလုပ်တမျိုး။
အာဏာရှင် အရှင်မထွက် တိုက်ပွဲဆက်မှ အောင်ပွဲရ
၂၀၂၀ မှာ ပြည်သူက စစ်တပ်ကို မကြိုက်ဘူး။ NLD နဲ့ ဒီမိုကရေစီပါတီတွေကို မဲထည့်တယ်။ စစ်တပ်ကို ဖြုတ်ချင်တယ်။ ဒါက လူထုဆန္ဒ မဲပေးခဲ့ကြ။
စစ်တပ်က သူ့ရဲ့ ကြံ့ခိုင်ရေးပါတီ မနိုင်တော့ အာဏာသိမ်းတယ်။ ဒီတော့ လူထုက စစ်တပ်ကို မကြိုက်ဘူး။ တပြည်လုံးဆန္ဒပြတယ်။ လူလှိုင်းလုံးကြီးတွေ ဖြစ်သွားတယ်။ ဒါက လူထုဆန္ဒ ဆန္ဒပြခဲ့ကြ။
စစ်တပ်က ဆန္ဒပြသူတွေကို ပစ်သတ်တယ်။ ဖမ်းတယ်။ ဒီတော့ လူထုက ရရာလက်နက်ဆွဲပြီး PDF တပ်ဖွဲ့တယ်။ ခုခံ ပြန်ချတယ်။ အခု PDF တပ် ၄ နှစ်သား ဖြစ်နေပြီ။ အရှိန်ရနေပြီ။ အဲဒါ လူထုဆန္ဒ လက်နက်ကိုင်ကြ။
ဖေဖော်ဝါရီ ၁ ရက် ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် အစကနေ မေလ ၂၀ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက် စစ်အုပ်စုနဲ့ လက်ပါးစေတွေကြောင့် နွေဦးတော်လှန်ရေးကာလ သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူနဲ့ ပြည်သူပေါင်း ၆,၇၀၀ ဦး ရှိခဲ့ပြီ။ ဒါ့အပြင် ဖမ်းဆီးခံခဲ့ရသူပေါင်း ၂၉,၁၆၂ ဦးရှိပြီး ဒီအထဲက ၂၂,၀၉၂ ဦး ထိန်းသိမ်းခံနေရဆဲလို့ အေအေပီပီက ထုတ်ပြန်ထားတယ်။ ဒီလောက် အသေခံ အဖမ်းခံပြီး ခုခံနေခဲ့တာ ငလျင်ကြောင့် စာမေးပွဲ ပြန်ဖြေခိုင်းသလို ရွေးကောက်ပွဲပြန်လုပ်ဖို့ မဟုတ်ပါ။ ဒီနေ့အထိ ဆန္ဒပြနေကြတဲ့ ပြည်သူတွေရဲ့ ကြွေးကြော်သံတွေလို အာဏာသိမ်းစစ်တပ် အမြစ်ဖြတ်ဖို့သာ ဖြစ်ပါတယ်။ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ဖို့သာ ဖြစ်ပါတယ်။ အခုဆိုရင် ၄ နှစ်သား PDF ကတော့ မြို့ ၉ မြို့ကို သိမ်းထားပြီ။ မြို့ ၉၀ ကို တော်လှန် တပ်ပေါင်းစုတွေက သိမ်းထားပြီ။ ရှေ့ဆက်တိုးမယ့် အောင်ပွဲတွေကလည်း ကြိုနေပြီ။ အားလုံး ညီညီညာညာ ဝိုင်းတွန်းကြရင်ဖြင့် အောင်ပွဲ မဝေးတော့ပြီ။ ဒီမိုကရေစီ နုနုကို ရိုက်ခတ် ဖျက်ဆီးထားတဲ့ စစ်လှိုင်းထန်နေတာကို တားဆီးကြမှသာ ပြည်သူ့ဘဝ အေးချမ်းပါမည်။ ။