
မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ စစ်ကောင်စီတပ်က အဓမ္မဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား အမျိုးသားတယောက်ကို စစ်ကူပို့တဲ့ကား မောင်းခိုင်းရာက တိုက်ပွဲအတွင်း ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
တောင်သာအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “တောင်သာရဲစခန်းမှာ PDF ထောက်ပို့ လုပ်တယ်ဆိုပြီး မတရားဖမ်းထားတဲ့ ကိုကိုမောင် ဆိုတဲ့ အချုပ်သားကို ကားမောင်းတတ်လို့ ထနောင်းကုန်းပျူရွာဘက်ကို စစ်ကူပို့ဖို့ ကားမောင်းပေးရမယ်ဆိုပြီး အတင်းမောင်းခိုင်းလို့ မောင်းလာတုန်းလမ်းမှာ တိုက်ပွဲဖြစ်တာနဲ့ ကားပေါ်က ဆင်းပြေးရင်း ထိသွားတာ။ စစ်(--)တွေရဲ့ ရည်ရွယ်ချက်ကလည်း ကိုကိုမောင့်ကို လူသားဒိုင်းလုပ်ပြီး ခေါ်လာတာလို့ မြင်တယ်ဗျ” လို့ ပြောပါတယ်။
အဆိုပါတိုက်ပွဲဟာ တောင်သာမြို့နယ်ထဲက ဝဲလောင်ကျေးရွာအရှေ့ဘက် ဆီမီးကန်တံတားမှာ မေ ၂၇ ရက် ညပိုင်းက ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က “စစ်(--)တွေနဲ့ ထနောင်းကုန်းပျူရွာက ပျူ(--)တွေပေါင်းပြီး ဝဲလောင်ရွာအရှေ့ဘက်က ရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်းကို အင်အားဖြည့်ဖို့ ထွက်လာတဲ့ကားကို မောင်းခိုင်းတာလို့ သိရတယ်။ သူတို့ဘက်က အဲဒီလိုမျိုး လူသားဒိုင်းတွေ လုပ်လာလိမ့်မယ်လို့လည်း မထင်ထားဘူးပေါ့ဗျာ။ ဆီမီးကန်တံတားနားမှာ ဖြတ်တိုက်ခံရရင်း ကျသွားတယ်ဆိုတာ နောက်နေ့မှ သူ့အမျိုးသမီး ရဲစခန်းကို ထမင်းသွားပို့ရင်း သိခဲ့ရတာ” လို့ DVB ကို ပြောပါတယ်။
အဆိုပါတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မေ ၂၈ ရက် မနက်ပိုင်းမှာ ဝဲလောင်ရွာ အရှေ့ဘက်က ရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်းနဲ့ ပူးပေါင်းသွားပြီး ကျေးရွာတွေကို ဆက်လက်စစ်ကြောင်းထိုး ဝင်ရောက်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဟာ ပြီးခဲ့တဲ့ မေ ၁၅ ရက်က စတင်ပြီး 9/A Nyar Myae Operation အဖြစ် မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာနဲ့ ငါန်းဇွန်မြို့နယ်တွေထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်နေတာ ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်ကျဆုံးတာတွေ ရှိသလို စစ်ကောင်စီတပ်ဘက်ကလည်း ထိခိုက်သေဆုံးတာ အများအပြားရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
အဆိုပါ အချုပ်သား သေဆုံးရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်ဘက်ကတော့ သတင်းထုတ်ပြန်လာတာ မတွေ့ရသေးတဲ့အပြင် ဖြစ်စဥ်နဲ့ပတ်သက်ပြီး အသေးစိတ် သိနိုင်ဖို့ တောင်သာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို DVB က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။