
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ ပေါ်တာဆွဲခံခဲ့ရပြီး စစ်မှုထမ်းနေရတဲ့ တပ်သားသစ် ၃ ယောက် အလင်းဝင်ရောက်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၃ တပ်ရင်း (အာဠာဝကစစ်ကြောင်း) ကနေ သိရပါတယ်။
အာဠာဝကစစ်ကြောင်းရဲ့ ပြန်ကြားရေးတာဝန်ခံက “သူတို့ ၃ ယောက်လုံးက ပြီးခဲ့တဲ့ရက်ပိုင်းမှာ အလင်းဝင်လာခဲ့ကြတာပါ။ လက်နက်ခဲယမ်းတွေတော့ ပါမလာကြပါဘူး” လို့ ပြောပါတယ်။
အလင်းဝင်ရောက်လာကြသူတွေဟာ စစ်ကောင်စီ လက်အောက်ခံတွေရဲ့ မတရား ပေါ်တာဆွဲခံရပြီး အသက် ၃၀ ကျော်အရွယ်တွေ ဖြစ်ကြတဲ့ ကိုမင်းမင်းဇော် (ပစ-၁၄၄၀၆၄)၊ ကိုဝိုင်းချစ် (ပစ-၁၄၃၉၁၃) နဲ့ ကိုမြင့်ဇော်ထွေး (ပစ-၁၄၃၉၇၈) တို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
အာဠာဝက စစ်ကြောင်းမှူး ဦးကျော်က “သူတို့ ၃ ယောက်လုံးက စစ်မှုထမ်းသင်တန်း အပတ်စဥ် ၉ သင်တန်းဆင်းတွေပါ။ သင်တန်းပြီးကတည်းက ခမရ ၅၉၉ ကို အပို့ခံထားရတာ။ အဲဒီထဲကနေ ကျနော်တို့ဆီကို ချိတ်ဆက် ထွက်ပြေးလာပြီး အလင်းဝင်လာကြသူတွေ ဖြစ်ပါတယ်။ သူတို့တွေကို တပ်ထဲမှာတုန်းက တော်လှန်ရေးတပ်ဖွဲ့တွေဆီကို အလင်းဝင်ရင် အသတ်ခံရတယ်ဆိုပြီး ခြိမ်းခြောက်ခံထားရတာတွေ ရှိခဲ့တယ်လို့ ပြောတယ်။ ကျနော်တို့အဖွဲ့က သူတို့ကို နွေးနွေးထွေးထွေး ကြိုဆိုကြတယ်။ လွတ်လွတ်လပ်လပ် ထားတယ်ဆိုတော့ တပ်ထဲမှာ ခြိမ်းခြောက်ခံရတာနဲ့ တက်တက်စင်အောင် လွဲနေတယ်ဆိုတာ ယုံကြည်သွားကြတယ်” လို့ DVB ကို ပြောပါတယ်။
စစ်ရေးအရှိန်တွေ မြှင့်တင်လာတော့မှာဖြစ်လို့ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေကြသူတွေ အနေနဲ့ အာဠာဝကစစ်ကြောင်းအပြင် နီးစပ်တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီကို အမြန်ဆုံး ခိုလှုံအလင်းဝင်ရောက်ကြဖို့ တိုက်တွန်းထားတယ်လို့လည်း အာဠာဝကစစ်ကြောင်းဆီကနေ သိရပါတယ်။