
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ နယ်မြေ၊ ကျောက်ကြီး(လယ်ဒို) မြို့နယ်အတွင်း က ကျေးရွာတွေကို စစ်တပ်က ဒရုန်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတယောက် ဒဏ်ရာရပြီး နေအိမ် ၂ လုံးနဲ့ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။
မေ ၅ ရက်က ဘာဘူကုန်းကနေ ဒရုန်းနဲ့ နွားရေချောင်းကျေးရွာအတွင်းကို စစ်တပ်က ဗုံးသီးတလုံး လာရောက်ကြဲချခဲ့တာကြောင့် အသက် ၇၇ နှစ်အရွယ် ဒေါ်မြင့် ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၂ လုံး ထိမှန် ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် ခင်တန်းကျေးရွာအတွင်းကို ဒရုန်းနဲ့ ဗုံးတလုံး ထပ်မံကြဲချခဲ့တာကြောင့် ခင်တန်းကျေးရွာ ဘုန်းကြီးကျောင်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ရှောင်အရေး ကူညီပေးနေသူတယောက်က “သူတို့က ဘယ်လိုခေါ်မလဲ၊ ကြွက်မနိုင် ကျီ မီးနဲ့ရှို့တာ။ သူတို့ရဲ့ဗျူဟာက အလုံးစုံ ပျက်သုဉ်းရေး။ သူတို့က ဖက်ဆစ်တပ်ဆိုတော့ လူထုအပေါ် ရမ်းတာမျိုးတွေက သူတို့လုပ်နေကြ ထုံးစံပဲ။ ဟိုအရင်တည်းက လုပ်တာ။ တိုင်းရင်းသား နယ်မြေ တွေဆို အဲဒီလိုမျိုးခံရတာ နှစ်ပေါင်းကြာပြီ” လို့ ပြောပါတယ်။
စစ်တပ်က ညောင်လေးပင်ခရိုင်အတွင်းက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက် ရှိရှိ လူနေအိမ်တွေ၊ လုပ်ငန်းခွင်တွေအတွင်းကို ဒရုန်း၊ လေယာဉ်၊ လက်နက်ကြီးတွေနဲ့ နေ့တိုင်းလိုလို ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ပြည်သူလူထုတွေ စိုးရိမ်ကြောက်ရွံ့မှုတွေနဲ့ အသက်ရှင် နေထိုင် နေရတယ်လို့ KNU က ထုတ်ပြန်ပါတယ်။










