
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ နယ်မြ၊ ကျောက်ကြီးမြို့နယ် (လယ်ဒို)အတွင်းက ကျေးရွာကို စစ်တပ်က လေကြောင်းအပြင် မြေပြင်ကနေ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၃ ယောက် ထိမှန်ဒဏ်ရာရပြီး နေအိမ် ၁၀ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။
မေ ၂ ရက်မှာ စစ်တပ်က သာယာကုန်းကျေးရွာဥနေ ကြိတ်ကွင်းကျေးရွာအတွင်းကို ၁၂၀ မမ လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့တာကြောင့် လက်နက်ကြီး ၂ လုံးက ရွာပြင်မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန် ၂ လုံးက ကျေးရွာတွင်းကျရောက်ခဲ့တာကြောင့် နေအိမ် ၁ လုံးနဲ့ လက်တွန်းထွန် စက် ၁ စီး ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မေ ၁ ရက်မှာလည်း ခလရ-၂၆၄ တပ်ရင်းကနေ လိန်ပင်ဝိုင်း ကျေးရွာအတွင်းကို ၁၂၀ မမ ၄ လုံး ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ အမျိုးသားတယောက်၊ အမျိုးသမီးတယောက်နဲ့ ထောလူခိုကျေးရွာကနေ စစ်ဘေးရှောင်ရောက်ရှိနေတဲ့ အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဒေသခံတယောက်က ”လေကြောင်းကော လက်နက်ကြီးကောက ပစ်နေတာ။ လေကြောင်းဆို ဒေသခံတွေ လယ်သွားလုပ်တဲ့သူ သွားနေရင်း လာနေရင်းနဲ့လည်း ချသွားလိုက်တာပဲ။ ထိတဲ့သူလည်း ထိ။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပျက်တဲ့ဟာက ပျက်တာပေါ့။ အဲလိုမျိုးတွေ မဖြစ်စေချင်ဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့က ဂျက်ဖိုက်တာတစီးနဲ့ ကဝေါ်မူဒဲ ကျေးရွာကို ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ ပေါင် ၂၅၀ ဗုံး ၁ လုံး ကြဲချခဲ့တာကြောင့် နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်က အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး လေကြောင်းနဲ့ မြေပြင်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ကျူးလွန်နေပြီး စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်လို့ KNU က ထုတ်ပြန်ပါတယ်။










