
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ထဲက စစ်အာဏာရှင်ရဲ့ ဂိတ်စခန်းတခုကို တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က အရာရှိ ၂ ယောက်အပါအဝင် ၅ ယောက် သေဆုံးတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက မေ ၃ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒို(ကျောက်ကြီး)မြို့နယ်က ပိန်းဇလုပ်နဲ့ သူဌေးကုန်းအကြား မီးရထားလမ်း ၁၄၇ တံတားမှာ တပ်စွဲထားတဲ့ ဂိတ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၉ ရဲ့ အထူးတပ်ဖွဲ့ဝင်တွေက မေ ၂ ရက် ည ၉ နာရီခွဲမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က အရာရှိ ၂ ယောက် အပါအဝင် ၅ ယောက်သေဆုံးပြီး ဂိတ်စခန်းက တဲ ၃ လုံးကို မီးရှို့ ဖျက်ဆီးနိုင်ခဲ့သလို သေနတ် ၅ လက်နဲ့ ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
KNLA တပ်ဖွဲ့ဝင်တွေ အထိအခိုက်အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး KNU အနေနဲ့ စစ်အာဏာရှင်ကို နိုင်ငံရေးအရ၊ စစ်ရေးအရ တော်လှန်တွန်းလှန်နေသလို စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် အစဉ်တစိုက်အားထုတ် ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။










