
လှိုင်သာယာအနောက်ပိုင်းမြို့နယ် ရခိုင်ရိုးလေးကျေးရွာမှာ မေ ၂၇ ရက်နေ့ ညနေ ၄ နာရီက ပျောက်ဆုံးသွားတဲ့ အသက် ၃ နှစ်သမီးလေးကို ဒီကနေ့ မနက်မှာ လုယက်သတ်ဖြတ်ခံထားရပြီး သေဆုံးနေတဲ့ အနေအထားနဲ့ပြန်တွေ့ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
“မနေ့က မိုးရွာနေတဲ့အချိန်ပျောက်သွားတာ အဲ့ချိန်ကတည်းက မိဘတွေရော၊ ဦးလေးတွေရော လိုက်ရှာကြတာ မတွေ့ဘူး။ ဒီမနက်ပြန်တွေ့တော့ နားကပ်ဖြုတ်လုထားတာ နားတွေ ပြတ်ထွက်ပြီး ကလေးကိုလည်း. ရေနစ်သတ်ထားတဲ့ပုံစံနဲ့ အလောင်းကိုပြန်တွေ့တာ အတော်ရက်စက်တာ။”
ရဲစခန်းနဲ့နီးစပ်သူတယောက်က “ကိုယ်ဝန်ဆောင်အမျိုးသမီးတယောက်က အိမ်ငှားချင်တယ်ဆိုလို့ ကလေးအဖေက ရွာထဲသွားမေးနေတဲ့အချိန် သူဦးလေးက ကလေးနဲ့မုန့်သွားဝယ်စားတဲ့အချိန်၊ အဲ့အမျိုးသမီးက နောက်ကလိုက်သွားပြီး သူ့ဦးလေးကိုအိမ်မှာ ပိုက်ဆံအိတ်ကျန်ခဲ့တယ်၊ ပြန်ယူပေးဆိုပြီး ပြန်ယူတဲ့အချိန် ကလေးကိုခေါ်သွားတာ။”
လတ်တလောမှာ ပြစ်မှုကျူလွန်သူ အမျိုးသမီးကို မိသားစုဘက်က အမှုဖွင့်ထားတာကြောင့် သောင်ကြီးနယ်မြေရဲစခန်းက ဖမ်းမိရေးအတွက် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေ ၂၀ ရက်ကလည်း ပဲခူးမြို့ မဇင်းရပ်ကွက် မဟာစေတီ ၃ လမ်းမှာ နေထိုင်တဲ့ အသက် ၁၄ နှစ်အရွယ် မောင်သက်နိုင်မင်းကို အမျိုးသား ၃ ယောက်က ပြန်ပေးဆွဲပြီး သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဥ်လည်းရှိပါတယ်။