
ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာအနီးတဝိုက်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်နဲ့ PNO တွေဆီကနေ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ မြေပြင်သတင်းရင်းမြစ်က မေ ၂၈ ရက်မှာ ပြောပါတယ်။
မေ ၁၇ ရက်ကစပြီး တော်လှန်ရေးအင်အားစုတွေက ဆောင်းပြောင်းကျေးရွာအနီးကို ထိုးစစ်ဆင်ခဲ့လို့ နှစ်ဖက် ထိတွေ့တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေခဲ့ပြီး လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
မြေပြင်သတင်းရင်းမြစ်က “လက်နက်ငယ်တွေရတယ်။ သူတို့ဘက် သေတာတွေလည်း များတယ်။ သုံ့ပန်းတွေလည်းရတယ်။ စခန်းသိမ်းထားတာတွေလည်းရှိတယ်” လို့ ပြောပါတယ်။
သိမ်းဆည်းရမိတဲ့ လက်နက်အရေအတွက်၊ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေရဲ့ သေဆုံးမှုနဲ့ သုံ့ပန်းဖမ်းဆီးရမိတဲ့ အရေအတွက် အတိအကျကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။
ဆောင်းပြောင်းကျေးရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပြီး နေအိမ်တွေကို မီးလောင်ဗုံးနဲ့ တိုက်ခိုက်ခဲ့တဲ့အပြင် နေအိမ်တွေထဲက တန်ဖိုးကြီးပစ္စည်းတွေကို ယူဆောင်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။