
တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်တုန်းပြည်နယ်မှာ မေ ၂၇ ရက်က ဓာတုစက်ရုံတခု ပေါက်ကွဲမှု ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၅ ယောက်သေဆုံးပြီး ၉ ယောက် ထိခိုက်ဒဏ်ရာရရှိကာ လူ ၆ ယောက် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
ကေယောမိမြို့ရှိ ရှန်တုန်း ယိုဒေါင်း ဓာတုလုပ်ငန်းက လုပ်ဆောင်တဲ့ စက်ရုံတခုမှာ မေ ၂၇ ရက် မွန်းမတည့်ခင်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လိမ္မော်ရောင်နဲ့ အနက်ရောင်မီးခိုးလုံးကြီးတွေ ကောင်းကင်ကို ထိုးတက်သွားခဲ့ပါတယ်။
ပေါက်ကွဲမှု ဖြစ်ပွားပြီးချင်းမှာပဲ မီးလောင်မှုဖြစ်ပွားခဲ့လို့ မီးသတ်အင်အား ၂၃၀ ကျော်နဲ့ မီးသတ်ယာဉ် ၅၅ စီးကိုလည်း ချက်ချင်း ခေါ်ယူခဲ့ပါတယ်။
ဒီပေါက်ကွဲမှုကို အရေးပေါ်ဝန်ထမ်း ၂၀၀ ကျော် တုံ့ပြန်ခဲ့ကြောင်းလည်း တရုတ် အရေးပေါ်တုံ့ပြန်ရေး အာဏာပိုင်အဖွဲ့က အင်္ဂါနေ့ နေ့လယ်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
တရုတ် လူမှုကွန်ရက်မီဒီယာမှာ အဆိပ်ဓာတ်ငွေ့ထိတွေ့မှု အန္တရာယ်နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။
အမျိုးသားအဆင့် အာဏာပိုင်တွေက မီးကို အမြန်ထိန်းချုပ်ဖို့ တိုက်တွန်းခဲ့ပြီး ပေါက်ကွဲမှုအပြီး နောက်တနေ့ မေ ၂၈ ရက်မှာတော့ မီးလောင်မှုလက္ခဏာ မပြတော့ပေမဲ့ မီးခိုးလုံးမည်းမည်းတွေ စက်ရုံကနေ တက်လာနေသေးတာ တွေ့ရပါတယ်။
ပြတင်းပေါက်မှန်တွေ ကွဲထွက်ရာကနေ လမ်းမဘေးမှာ ၁ ကီလိုမီတာကျော်လောက် မှန်ကွဲစတွေ လွင့်စင် ပျံ့နှံ့ခဲ့ပါတယ်။
ဒေသဆိုင်ရာ တာဝန်ရှိသူတွေကတော့ အဲဒီနေရာမှာ ဘာစမ်းသပ်မှုတွေလုပ်လို့ ဘယ်လိုရလဒ်တွေ ထွက်တယ်ဆိုတာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
ရှန်တုန်း ယိုဒေါင်း ဓာတုလုပ်ငန်းက လုပ်ဆောင်တဲ့ စက်ရုံမှာ ပိုးသတ်ဆေးနဲ့ ဆေးဝါးတွေမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းတွေကို တီထွင်ထုတ်လုပ်တာဖြစ်ပြီး ဧရိယာ ၄၇ ဟက်တာ ကျယ်ဝန်းတဲ့ စက်ရုံထဲမှာ လူ ၃၀၀ ကျော်ကို အလုပ်ခန့်ထားတာ ဖြစ်ပါတယ်။
မကြာသေးခင်နှစ်တွေအတွင်းက တရုတ်နိုင်ငံရှိ ဓာတုဗေဒစက်ရုံတွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ဖူးပါတယ်။
၂၀၂၄ ခုနှစ်မှာ နိုင်ငံအနောက်မြောက်ပိုင်းရှိ နင်းရှာဒေသမှာ ပေါက်ကွဲမှုတခု၊ ၂၀၂၃ ခုနှစ်က အရှေ့တောင်ပိုင်းက ကျန်းရှီးပြည်နယ်မှာ ပေါက်ကွဲမှုတခု ဖြစ်ခဲ့ပါတယ်။
၂၀၁၅ ခုနှစ်က ထျန်ကျင်း ဆိပ်ကမ်းမြို့မှာ အန္တရာယ်ရှိပြီး မီးလောင်စေတတ်တဲ့ ဓာတုပစ္စည်းတွေ ပါရှိတဲ့ ဂိုဒေါင်မှာ အကြီးအကျယ်ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၇၀ ကျော် သေဆုံးပြီးတော့ အယောက် ၇၀၀ လောက် ဒဏ်ရာရခဲ့တာပါ။
အဲဒီအဖြစ်အပျက်ကြောင့် အစိုးရဟာ ဓာတုပစ္စည်းများ သိုလှောင်ခြင်းဆိုင်ရာ ဥပဒေတွေကို တင်းကျပ်ခဲ့ပါတယ်။
Source: Reuters