
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် အရှေ့မြောက်ခြမ်းက ကင်းရွာကို စစ်ကောင်စီတပ်က မေ ၂၈ ရက် နေ့လယ် ၂ နာရီခန့်က မီးရှို့ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ စစ်ကိုင်းမြို့နယ်အတွင်းက ကံကြီးကုန်းရွာနဲ့ ကျောက်ပနံရွာကနေ မေ ၂၆ ရက်က စတင် စစ်ကြောင်းထိုးလာတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ကင်းရွာသားတယောက်က “ကျနော်တို့ တရွာလုံး မီးလောင်ပါပြီဗျာ။ စစ်ကောင်စီတပ်က မီးရှို့နေတာပါ။ လေကလည်း အရမ်းတိုက်နေတော့ မီးကူးတာလည်း မြန်တယ်။ ဘာလို့ အခုလို ရွာကိုမီးရှို့တာလဲ ဆိုတော့ မနက်ပိုင်းကတော့ ပစ်ကြ ခတ်ကြတဲ့ လက်နက်အသံတွေ ကြားရသေးတယ်။ ကျနော်တို့ ရွာသားတွေလည်း သေနတ်ပစ်တဲ့အသံတွေ ကြားလို့ တိုက်ပွဲဖြစ်တယ်ဆိုပြီး တရွာလုံး ရွာအပြင်ထွက် ပြေးခဲ့ကြရတယ်။ ဘာတွေဖြစ်ကြတယ်တော့ မပြောရဲဘူး။ ရွာမီးလောင်နေတာကို အဝေးကနေ ကြည့်နေရတာ။ ဘယ်နှစ်လုံး လောင်တယ် ဆိုတာတော့ ဘာမှမသိရသေးဘူး။ စစ်တပ်ကလည်း အခုထိ ရွာထဲက မထွက်သေးဘူး” လို့ ပြောပါတယ်။
ကင်းရွာဟာ သမိုင်းဝင် မင်းကွန်းခေါင်းလောင်းရှိတဲ့နေရာရဲ့ မြောက်ဘက်မှာတည်ရှိပြီး စစ်ကိုင်းမြို့နဲ့ဆိုရင် ၁၃ မိုင်ခန့် ကွာဝေးတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။
စစ်ကိုင်းပကဖ တာဝန်ရှိသူတယောက်က “ကျနော်တို့အဖွဲ့တွေနဲ့ မနက်ခင်းမှာ မင်းကွန်းရဲ့ မြောက်ဘက်အနီးမှာ တိုက်ပွဲဖြစ်ကြသေးတယ်။ ဒီ(--)တွေက ကျောက်ပနံ၊ ကံကြီးကုန်းရွာကနေ မေလ ၂၆ ရက်နေ့က စထွက်လာတယ်။ အဲရွာတွေဆီကနေ အမှတ် ၃ ဗျူဟာလမ်းဘေးက ဆယ်သေးတောရွာကို ရောက်တယ်။ အဲရွာကနေ မေလ ၂၇ ရက် ညပိုင်းမှာ မင်းကွန်းဘက်ကို ကူးသွားတယ်။ မင်းကွင်းကနေ ဒီနေ့ မေလ ၂၈ ရက်နေ့ မနက်ပိုင်းမှာ မြောက်ဘက်ကို ထွက်လာရာမှာ ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေနဲ့ တွေ့ပြီး တိုက်ပွဲဖြစ်လိုက်ကြသေးတယ်။ သူတို့ အထိနာပြီးတော့ အခု နေ့ခင်းပိုင်းမှာ ကင်းရွာကို မီးရှို့နေပါတယ်။ စစ်တပ်ကတော့ဗျာ အခုမီးရှို့နေတဲ့ရွာနဲ့ ဆိုင်ဆိုင် မဆိုင်ဆိုင် သူတို့စစ်ရှုံးတယ်ဆို အကုန်လုံး မီးလိုက်ရှို့တာ သူတို့အလုပ်ပဲ။ အခုထိ ရွာကို မီးရှို့နေတုန်းဗျ” လို့ ပြောပါတယ်။
ကင်းရွာဟာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး ဧရာဝတီမြစ်ကမ်းဘေးမှာ တည်ရှိတဲ့ကျေးရွာ ဖြစ်သလို စစ်တပ်အာဏာသိမ်းပြီးကတည်းက အကြိမ်ကြိမ် ဝင်ရောက်မီးရှို့ခံနေရတဲ့ ကျေးရွာတရွာ ဖြစ်တယ်လို့လည်း သိရပါတယ်။