
ထိုင်း-မြန်မာနယ်စပ်၊ ရနောင်းမြို့မှာ မြန်မာရွှေ့ပြောင်းလုပ်သားကလေးတွေ ဝင်ရောက်စာသင်ကြားနေကြတဲ့ အခြေခံပညာကျောင်းတကျောင်းကို သက်ဆိုင်ရာ အာဏာပိုင်တွေက သွားရောက်စစ်ဆေးခဲ့တယ်လို့ ရနောင်းပြန်ကြားရေးဌာန သတင်းမှာ ဖော်ပြပါတယ်။
ရနောင်းခရိုင် ပြည်သူ့ဟစ်တိုင်ဌာနက တိုင်ကြားစာ လက်ခံရရှိတဲ့အတွက် ဒုခရိုင်ဝန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ အလုပ်သမားရုံး၊ ပညာရေးရုံး၊ လူကုန်ကူးမှုတားဆီးတိုက်ဖျက်ရေး စတဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းက တာဝန်ရှိသူတွေပါတဲ့ စစ်ဆေးရေးအဖွဲ့ဟာ မေ ၂၇ ရက် မနက် ၁၀ နာရီက ဘန့်ရင်းရပ်ကွက် နယ်မြေ ၆ ထဲမှာ ဖွင့်လှစ်ထားတဲ့ “ရနောင်းဌာနီ” စာသင်ကျောင်းကို သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးချက်အရ အဆိုပါစာသင်ကျောင်းမှာ ထိုင်း ၃ ယောက်နဲ့ မြန်မာ ၂၈ ယောက်၊ ပေါင်း ၃၁ ယောက် တွေ့ရှိပြီး ထိုင်း ၃ ယောက်ကတော့ ဆရာ/ဆရာမတွေ ဖြစ်တယ်။ ကျန်တဲ့ မြန်မာ ၂၈ ယောက်က ထိုင်းဆရာတွေ စာသင်နေချိန်မှာ စာသင်ကျောင်း သန့်ရှင်းသပ်ရပ်ရေးအတွက် အနီးနားကနေ ဆောင်ရွက်ပေးနေတာ တွေ့ရတယ်။ မြန်မာ ၂၈ ယောက်လုံး အလုပ်ရှင်နဲ့ အလုပ်သမားမှတ်ပုံတင်တွေ ရှိကြတယ်။ ဒါပေမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့သာ မှတ်ပုံတင်ထားကြတာလို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက သူတို့ကို ရွှေ့ပြောင်းအလုပ်သမားကတ်နဲ့ စာသင်ပေးတဲ့ ဆရာ/ဆရာမ ဝင်ရောက်လုပ်ကိုင်ခွင့် မရှိကြောင်း၊ ဆရာ/ဆရာမ လုပ်မယ်ဆိုရင် သက်ဆိုင်ရာ ပညာရေးရုံးမှာ ပုဒ်မ ၅၉ အရ ပြဋ္ဌာန်းထားတဲ့ ဥပဒေပုဒ်မနဲ့အညီ တရားဝင် ခွင့်တောင်းရမယ်လို့ သတိပေးခဲ့ကြောင်း ဆိုပါတယ်။
စစ်ဆေးဖို့ တိုင်ကြားခံထားရတဲ့ စာသင်ကျောင်းမှာ ရနောင်းဌာနီအပြင် နောက်ထပ် မာရစ်အာရှကျောင်းနဲ့ ပရကိုင်းဆိုင် စာသင်ကျောင်းတို့ပါ ပါဝင်တယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။
Source: PR Ranong