
ထိုင်းနိုင်ငံမှာ ပြစ်မှုအမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချခံခဲ့ရပြီး လွတ်ရက်စေ့တဲ့ နိုင်ငံခြားသားတွေကို နေရပ်ပြန်ပို့နေတာမှာ စက်တင်ဘာ ၁၀ ရက်ကလည်း မြန်မာနိုင်ငံသား ၉၆ ယောက်ကို ထိုင်းတောင်ပိုင်း ရနောင်းခရိုင်မှတဆင့် ပြန်ပို့ခဲ့တယ်လို့ ထိုင်းပြည်တွင်းလုံခြုံရေးကောင်စီ ဒေသ ၄ ရှေ့တန်းတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ထိုင်းပြည်တွင်းလုံခြုံရေးကောင်စီ ဒေသ ၄ မှ ဗိုလ်မှူး ထောင်းဘိုင် ထုပ်ထိန် ဦးဆောင်ပြီး ရနောင်းပင်လယ်ပြင်လုံခြုံရေးတပ်ဖွဲ့၊ ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့၊ တရားမဝင် ရနောင်းအခြေစိုက် စစ်အာဏာရှင်လက်အောက်ခံ မြန်မာအလုပ်သမား သံအရာရှိ ဦးအောင်စိုးသန်းနဲ့ နိုင်ငံခြားသားများ ပြန်လည်ပို့ဆောင်ရေးကော်မတီက တာဝန်ရှိသူတွေ ပူးပေါင်းပြီး စက်တင်ဘာ ၁၀ ရက် မနက် ၁၁ နာရီခွဲမှာ ပြစ်ဒဏ်ကလွတ်ရက်စေ့ မြန်မာနိုင်ငံသား ၉၆ ယောက်အား ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့ကို ရနောင်းမြို့ ပါတ်နမ့်ရပ်ကွက် အကောက်ခွန် သင်္ဘောဆိပ်ကမ်းကနေ သွားရောက်ပို့ဆောင်ခဲ့ပါတယ်။
အဆိုပါ ၉၆ ယောက်မှာ အမျိုးသား ၇၉ ယောက်၊ အမျိုးသမီး ၁၇ ယောက်နဲ့ မှီခိုသူ ကလေးငယ် တယောက်တို့ ပါဝင်ပြီး သူတို့တွေဟာ ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီး အရေးယူခံခဲ့ရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းတောင်ပိုင်းဒေသအသီးသီးမှာ ဥပဒေချိုးဖောက်တဲ့ မြန်မာနိုင်ငံသား၊ ရွှေ့ပြောင်းလုပ်သား တွေကို ပြစ်ဒဏ်ချမှတ်ပြီး ရနောင်းထိန်းသိမ်းရေးစခန်းကနေတဆင့် မြန်မာနိုင်ငံကို အသုတ်လိုက် ပြန်လည်ပို့ဆောင်နေတာမှာ ဒီ ၂၀၂၆ ခုနှစ်တွင်း လွတ်ရက်စေ့သူပေါင်း ၁,၀၀၀ နီးပါး ပို့ဆောင်ခဲ့ ပြီးဖြစ်တယ်လို့ ရနောင်းလဝက သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
Source - ရနောင်းလဝက / ထိုင်းပြည်တွင်းလုံခြုံရေးကောင်စီ ဒေသ ၄











