
နီပေါ တောင်တက်လမ်းညွှန် ကာမီရီတာဟာ ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်တဲ့ ဧဝရတ်တောင်ကို ၃၁ ကြိမ် တက်ရောက်ပြီး စံချိန်သစ်တင်ထားပါတယ်။
Everest Man လို့ လူသိများတဲ့ ကာမီရီတာဟာ မေ ၂၇ ရက်က အိန္ဒိယစစ်အရာရှိအဖွဲ့ကို လမ်းပြခဲ့ပြီး တောင်ထိပ် ၈,၈၄၉ မီတာအထိ ရောက်ရှိခဲ့တာပါ။
“ကာမီရီတာက အမျိုးသားတောင်တက်သူရဲကောင်း ဖြစ်ရုံသာမက ဧဝရတ်ရဲ့ ကမ္ဘာ့ပြယုဂ် တခုလည်း ဖြစ်တာကြောင့် သူ့ကို မိတ်ဆက်ပေးစရာမလိုပါဘူး” လို့ အဲဒီတောင်တက်အဖွဲ့ရဲ့ စီစဉ်သူ စမစ်က ပြောပါတယ်။
အသက် ၅၅ နှစ်အရွယ်ရှိ ကာမီရီတာဟာ ၁၉၉၄ ခုနှစ်က ဧဝရတ်တောင်ကို ပထမဆုံးအကြိမ် လမ်းပြအဖြစ် ဆောင်ရွက်ခဲ့ပြီး အဲဒီအချိန်ကတည်းက နှစ်တိုင်း ဧဝရတ်တောင်ကို ရောက်ခဲ့သူဖြစ်ပါတယ်။
ကာမီရီတာလိုပဲ ဧဝရတ်တောင်မှာ စံချိန်တင်ထားသူကတော့ နီပေါလမ်းပြတယောက်ဖြစ်တဲ့ ဒါဝါပဲ ဖြစ်ပါတယ်။
ဧဝရတ်တောင်ထိပ်ကို ၂၉ ကြိမ် ရောက်ဖူးတဲ့ ဒါဝါဟာ ပြီးခဲ့တဲ့အပတ်ကပဲ တောင်ထိပ်ကို လိုက်ပို့ခဲ့တာလို့ သတင်းတွေက ဖော်ပြပါတယ်။
ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ကို တက်တာက သူ့အတွက် အလုပ်တခုဖြစ်တယ်လို့ ကာမီရီတာ အရင်တုန်းက ပြောခဲ့ဖူးပါတယ်။
“စံချိန်အတွက် ကျနော် ပျော်ပါတယ်။ ဒါပေမဲ့ စံချိန်ဆိုတာ နောက်ဆုံးမှာ ကျိုးပျက်ရတာပါပဲ။ တောင်တက်ပြီး နီပေါနိုင်ငံ ကမ္ဘာသိအောင် ကူညီပေးနိုင်တာကို ကျနော် ပိုပျော်မိပါတယ်” လို့ ကာမီရီတာက ပြောပါတယ်။
ဒီရာသီမှာ ဧဝရတ်တောင်ကို လူ ၅၀၀ ကျော်နဲ့ သူတို့ရဲ့လမ်းပြတွေ တက်ရောက်ခဲ့ကြပြီး မကြာမီ တောင်တက်ရာသီ ကုန်ဆုံးမှာဖြစ်ပါတယ်။
ဧဝရတ်တောင်နဲ့ တခြားတောင်ထိပ်တွေကို ဒီရာသီအတွင်း လူပေါင်း ၁,၀၀၀ ကျော် တက်ရောက်ကြကြောင်းလည်း နီပေါနိုင်ငံက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နှစ်အနည်းငယ်က ဧဝရတ်တောင်တက်မယ့်သူတွေ များပြားလွန်းတာနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ ဖြစ်ပွားတယ်ဆိုပြီး သတင်းတွေ ထွက်ခဲ့ပါတယ်။
အာဏာပိုင်တွေက တောင်တက်သူတွေကို ကိုယ့်အမှိုက်ကိုယ် ပြန်သိမ်းတဲ့စနစ်နဲ့ ယာယီတဲတွေကိုလည်း သတ်မှတ်နေရာကို ပြန်ယူခဲ့ဖို့ စည်းကမ်းတွေ ထုတ်ခဲ့ရပါတယ်။
Source: Reuters