DVB Logo
Home
နိုင်ငံတကာ
‘ဝ’ဒေသ မူးယစ်ဆေးပြဿနာ မဖြေရှင်းနိုင်ပါက ဝင်ရောက်နှိမ်နင်းမည်ဟု  သက်ဆင်ပြော 
DVB
·
May 28, 2025
‘ဝ’ဒေသ မူးယစ်ဆေးပြဿနာ မဖြေရှင်းနိုင်ပါက ဝင်ရောက်နှိမ်နင်းမည်ဟု  သက်ဆင်ပြော 
Donate to DVB

ထိုင်းနိုင်ငံရဲ့  မျိုးဆက်သစ်တွေကို ခြိမ်းခြောက်နေတဲ့ မူးယစ်ဆေးဝါးတွေဟာ မြန်မာနိုင်ငံ ‘ဝ’ ဒေသမှာ အဓိက ထုတ်လုပ်နေပြီး အဲဒီပြဿနာကို မြန်မာစစ်ကောင်စီအနေနဲ့ မဖြေရှင်းနိုင်ဘူးဆိုရင် ထိုင်းအနေနဲ့ ကိုယ့်ဘာသာ ဝင်ရောက်နှိမ်နင်းဖို့ တောင်းဆိုရမယ်လို့ အာဆီယံ အတိုင်ပင်ခံပုဂ္ဂိုလ် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က ပြောပါတယ်။

မေ ၂၇ ရက် မွန်းလွဲပိုင်းက ဘန်ကောက် ONCB မူးယစ်ဆေးဝါးကာကွယ်ရေးနဲ့ နှိမ်နင်းရေးကော်မတီ ရုံးချုပ်မှာ ကျင်းပတဲ့ “မူးယစ်ဆေးဝါး၊ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှု ရှုထောင့်နှင့် စိန်ခေါ်မှုများ စောင့်ကြည့်ရေးကော်မတီ အစည်းအဝေး” မှာ ခုလိုပြောကြားခဲ့တာပါ။

“လက်ရှိ အန္တရာယ်အရှိဆုံးက မူးယစ်ဆေးဝါးပဲ၊ ပစ္စုပ္ပန်အတွက်ရော အနာဂတ်အတွက်ပါ အန္တရာယ်ရှိတယ်။ အနာဂတ်ဆိုတာ တို့ရဲ့ မျိုးဆက်သစ်တွေဖြစ်တယ်၊ မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်တဲ့နေရာဟာ ရွှေတြိဂံနယ်မြေနဲ့ ကပ်လျက် ရှမ်းပြည်နယ် ‘ဝ’ ဒေသမှာရှိတယ်။ အခုအခြေအနေအရ ကျနော်ဟာ အိမ်နီးနားချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေး အလွန်ကောင်းမွန်နေတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကျနော် ဝန်ကြီးချုပ်ဖြစ်တုန်းက သူက ကျိုင်းတုံစစ်တိုင်းမှူးလေ၊ လာအိုဆိုရင်လည်း ဖန်းခမ်း (လာအိုဝန်ကြီးချုပ်ဟောင်း) က ကျနော့်မိတ်ဆွေ ဗိုလ်ချုပ်ကြီး ဆီဖန်းဒွန်းရဲ့ သားပဲလေ၊ ဒီလို အိမ်နီးချင်းနိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးနဲ့ တိုင်းပြည်အတွက် အကျိုးရှိအောင် ဆောင်ရွက်ပေးချင်တယ်။ ဒါပေမဲ့ ဘယ်မှသိပ်သွားလို့မရဘူး။ ကျနော်တို့ဟာ မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့ အိမ်နီးချင်းတွေနဲ့ ပူးပေါင်းဖို့ အချိန်တန်ပါပြီ။ အဲဒီ မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့နေရာက တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်နယ်မြေမို့ မြန်မာက မနှိမ်နင်းနိုင်ဘူးလို့ပြောရင် ကျနော်တို့ ကိုယ့်ဘာသာကိုယ် နှိမ်နင်းဖို့ ခွင့်တောင်းရမယ်ထင်တယ်။ သူက ကျနော်တို့ရဲ့ရန်သူလေ၊ မူးယစ်ဆေးထုတ်လုပ်တဲ့နေရာကို အမြန်ဆုံးနှိမ်နင်းရမယ်၊ သူတို့မနှိမ်နင်းနိုင်ရင် ကျနော်တို့ဆီမှာ နှိမ်နင်းနိုင်တဲ့ နည်းလမ်းတွေရှိတယ်။ နိုင်ငံတကာက လက်ခံနိုင်တဲ့ နည်းလမ်း၊ ကျနော်ထင်တယ် မကြာခင် ဒီ ၁ လ ၂ လ အတွင်း နိုင်ငံခြားရေးဝန်ကြီးက မြန်မာကိုသွားလိမ့်မယ်၊ အဲဒီမှာ ‘ဝ’ အနေနဲ့ မူးယစ်ဆေးဝါးထုတ်တာ ရပ်တံ့ဖို့ ထည့်ပြောရလိမ့်မယ်။ ‘ဝ’ ဟာ မူးယစ်ဆေးဝါးကို ဆက်ပြီးထုတ်လုပ်နေမယ်ဆိုရင် ထိုင်းရဲ့ရန်သူပဲ၊ ရန်သူကို ငဲ့ညှာစရာ အကြောင်းမရှိဘူး၊ ပြတ်သားဖို့ရာ အချိန်တန်ပြီ၊ မဲခေါင်မြစ်ကနေ သယ်လာတဲ့ မူးယစ်ဆေးဝါးကို ဖမ်းဆီးတာဟာပြဿနာရဲ့ အဖျားပိုင်းကို ဖြေရှင်းတာပဲ ရှိတယ်၊ အရင်းပိုင်းကို ဖြေရှင်းရမှာ ဖြစ်တယ်၊ အဲဒီဒေသက မြို့ရွာတွေဟာ မူးယစ်ကင်းစင်တဲ့ ဖြူစင်တဲ့နယ်မြေတွေ ဖြစ်အောင် လုပ်ရမယ်၊ ကျနော်လည်း အသက်ကြီးပြီ၊ တခြား ဘာမှလုပ်စရာမရှိဘူး၊ မူးယစ်ဆေးဝါး နှိမ်နင်းရေးမှာ ပါဝင်ခွင့်ပေးဖို့ ဝန်ကြီးချုပ်ကို ခွင့်တောင်းပါတယ်” လို့ ပြောသွားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး  UWSA တပ်ဖွဲ့ လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းကတော့ “အချိန်ကိုက် နိုင်ငံရေးလှည့်ကစားကွက်တခု ဖြစ်ပြီး အခြေအမြစ်မရှိ စွပ်စွဲချက်သာ ဖြစ်တယ်လို့  သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

“မိုင်ရာထောင်ချီသည့် မြန်မာနယ်စပ်၌ မိမိတို့ UWSA ‘ဝ’ တပ်ဖွဲ့ပဲ ရှိနေတာမဟုတ်ပါ။ မူးယစ်ဆေးဝါးများသည် မိမိတို့အား အန္တရာယ်ပြုသည်သာမက လူသားများ၏ ဘုံရန်သူများဖြစ်ပြီး စဥ်ဆက်မပြတ် ကြိုးစားတိုက်ဖျက်သော်လည်း ပိတ်ပင်တားဆီးဖို့ မလွယ်ကူပေ။ မိမိတို့ ‘ဝ’ တပ်ဖွဲ့ ထိန်းချုပ်နယ်မြေအတွင်း ၂၀၀၅ ခုနှစ်၌ မူးယစ်စိုက်ပျိုးမှု ကင်းစင်နယ်မြေအဖြစ် ကမ္ဘာအား ကြေညာခဲ့ပြီး ဆက်လက်၍ မူးယစ်ဆေးဝါးများ စိုက်ပျိုး၊ ထုတ်လုပ်၊ ရောင်းဝယ်၊ သယ်ယူပို့ဆောင်ရေးနှင့် သုံးစွဲမှုတို့အား ကြီးလေးပြစ်ဒဏ်ချမှတ်ကာ တိုက်ဖျက်မှုကြောင့် မူးယစ်သုံးစွဲမှု အနည်းဆုံးပြည်နယ်အဖြစ် တွေ့ရှိနိုင်သည်”လို့ ဦးညီရမ်းက ရေးသားထားပါတယ်။

Source: MGROnline / PPTV HD

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013