
ဧရာဝတီတိုင်း၊ ပုသိမ်-မုံရွာ ကားလမ်းပေါ်မှာ ကုန်တင်ကား ၃ စီးကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးထားတယ်လို့ အဖမ်းခံရသူတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အဲဒီ ကုန်တင်ကား ၃ စီးကို ပုသိမ်-မုံရွာ ကားလမ်းပေါ် လေးမျက်နှာမြို့နယ်၊ စက်စက်ယိုကျေးရွာအနီး လမ်းဆုံမှာ မနေ့ မေ ၂၇ ရက် ညနေမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးထားတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “ကုန်တင်ကားတွေကို ထောက်ပို့ပစ္စည်းတွေလို့ ဆိုပြီး ဖမ်းတာ။ အဖမ်းခံရတဲ့ကားတွေက ရန်ကုန်ကနေလာတဲ့ ကုန်ကားတွေလို့ သိရပါတယ်။ ဘယ်ကို ဖမ်းခေါ်သွားတယ်ဆိုတာ မသိသေးဘူး။ တပ်နဲ့ ရဲက ဖမ်းတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ် (PDF) ထောက်ပို့ပစ္စည်းလို့ဆိုတဲ့ စွပ်စွဲချက်နဲ့ ကုန်တင်ကားတွေကို ဖမ်းဆီးခဲ့ပေမဲ့ ကုန်တင်ကားတွေထဲမှာ လေးမျက်နှာနဲ့ ပုသိမ်-မုံရွာလမ်းပေါ်က ဈေးဆိုင်တွေက မှာယူထားတဲ့ အိမ်သုံးပစ္စည်းတွေ၊ ဆန်တွေ၊ စားသုံးဆီတွေ၊ စက်သုံးဆီတွေနဲ့ အဝတ်အထည်တွေပဲ ပါလာတာလို့ သိရပါတယ်။
အဖမ်းခံရတဲ့သူနဲ့ နီးစပ်သူက “အဲဒီ ဖမ်းဆီးခံရတဲ့ ကုန်တင်ကား ၃ စီးကို မောင်းတဲ့ ယာဉ်မောင်းတွေ အပါအဝင် အမျိုးသား ၆ ယောက်ကိုပါ ဖမ်းဆီးထားတယ်။ မနေ့က ညနေအထိ ဖုန်းအဆက်အသွယ် ရသေးတယ်။ အခုမနက်တော့ ဖုန်းမရတော့ဘူး” လို့ ပြောပါတယ်။
အခုလို ကုန်တင်ကားတွေကို စစ်ကောင်စီတပ်က တရားမဝင်ကုန်စည် အကြောင်းပြ ဖမ်းဆီးတာဟာ တော်လှန်ရေးတပ်ဖွဲ့တွေကို ပြည်သူတွေက ရိက္ခာတွေ ထောက်ပံ့တာ၊ စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့တာတွေ ဟန့်တားဖို့ လုပ်တာလို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။
အဲဒီ စစ်ကောင်စီတပ်တွေ၊ ရဲတွေက ဖမ်းဆီးတဲ့ ကုန်စည်ပစ္စည်းတွေ အများစုဟာ အရပ်သားတွေ ပိုင်ဆိုင်တဲ့ ကုန်ပစ္စည်းတွေဖြစ်သလို ကုန်ကားသမားတွေဟာလည်း ပုံမှန် ကုန်စည်သယ်ယူလုပ်ငန်း လုပ်ဆောင်နေသူတွေလို့ သိရပါတယ်။