DVB Logo
Home
မြန်မာသတင်း
လုံးခင်းကျေးရွာအနီး တိုက်ပွဲပြင်းထန်
DVB
·
May 28, 2025
လုံးခင်းကျေးရွာအနီး တိုက်ပွဲပြင်းထန်
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအနီး နှစ်မျက်နှာဘုရားတဝိုက်မှာ ဖားကန့် တပ်မကုန်းဘက်ကို ချီတက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ KIA ပူးပေါင်းတပ်တို့ကြား ဒီကနေ့ မေ ၂၈ ရက် မနက်ပိုင်းကစပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ KIA စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“တိုက်ပွဲဖြစ်တာက လုံးခင်းမရောက်ခင် နှစ်မျက်နှာဘုရားဘက်ခြမ်းမှာ တိုက်ပွဲဖြစ်တာပါ။ ဖားကန့်ဘက်ကို တက်လာတဲ့ အင်အား ၆၀၀ ပါ စစ်ကြောင်းကနေ ခွဲထွက်လာတဲ့ စကစ တပ်ဖွဲ့ဝင်တချို့ လယ်ပြင်ယမ်းချက်စခန်းကို ရောက်လာတာ။ အဲဒီကနေ ဒီမနက် ၇ နာရီလောက်မှာ ဖားကန့်တပ်မကုန်းဘက်ကို ဦးတည်ချီတက်လာတာလား၊ လုံးခင်း မျောက်ကုန်းဘက်ကို ဦးတည်ချီတက်လာတာလားတော့ သေချာမသိဘူး။ သူတို့ထွက်လာတဲ့အချိန် နှစ်မျက်နှာဘုရားဘက်ခြမ်းမှာ KIA ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်လို့ တိုက်ပွဲဖြစ်နေတာ။”

မေ ၂၈ ရက် မနက် ၁၂ နာရီခွဲခန့်ကလည်း စစ်ကောင်စီတပ် လက်နက်ကြီး ဆက်တိုက် ရမ်းသန်းပစ်ခတ်နေတဲ့အတွက် လက်နက်ကြီးကျည် ထိမှန်ပေါက်ကွဲပြီး လုံးခင်းကျေးရွာအဝင် လယ်ပြင်တံတား အပါအဝင် နေအိမ်တချို့ ထိခိုက်ပျက်စီးသွားခဲ့ပြီး အရပ်သားထိခိုက်မှု ရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၂၆ ရက်က တံတားညီနောင်ကျေးရွာအထိ ရောက်ရှိနေတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ လုံးခင်းကျေးရွာအုပ်စုက စစ်ကောင်စီရဲ့ ယမ်းချက်စက်ရုံအထိ ဆက်လက် ရောက်ရှိလာတာ ဖြစ်ပါတယ်။

“ဖားကန့်-ကားမိုင်းလမ်းကနေ တက်လာတဲ့ အင်အား ၆၀၀ ပါ စစ်ကြောင်းကနေ တံတားညီနောင်ကို မေလ ၂၆ ရက်နေ့က ရောက်လာတယ်။ သူတို့က အင်အား ၆၀၊ အင်အား ၅၀၊ အင်အား ၁၀၀ အဲလိုခွဲပြီး နေရာအနှံ့အပြားကို စစ်ကြောင်းထိုးလာကြတာ။ ယမ်းချက်စက်ရုံကို ရောက်လာတာ အင်အားအနည်းငယ်ရောက်လာတာ ဖြစ်နိုင်တယ်။ တံတားညီနောင်အကျော် နန့်တိန်းဘက်မှာလည်း စစ်ရေးတင်းမာနေတုန်းပဲ။”

ဖားကန့်ဒေသက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ KPDF ပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေတွေ ပြန်ရဖို့ စစ်ကောင်စီတပ်က ဧပြီ ၂၃ ရက်ကစပြီး ကားမိုင်း၊ အင်းတော်ကြီးဒေသကနေ ဖားကန့်ဘက်ကို အင်အားထောင်ချီနဲ့ ထိုးစစ်ဆင်နေတာပါ။

ဖားကန့်ဘက်ကို စစ်မျက်နှာ ၃ ခုကနေ အင်အားအလုံးအရင်းနဲ့ ထိုးတက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေကို KIA ပူးပေါင်းတပ်က ခုခံတိုက်ခိုက်နေတဲ့အတွက် ဖားကန့်မြို့ ဝင်ပေါက် ၃ နေရာစလုံးမှာ စစ်ရေးတင်းမာနေတာပါ။

ဧပြီ ၂၃ ရက်ကစပြီး ကားမိုင်း-ဖားကန့်လမ်းကနေ စစ်အင်အား ၆၀၀ ခန့်ရှိတဲ့ စစ်ကြောင်းဟာ လေကြောင်းအကူနဲ့ မေ ၇ ရက်မှာ ဆိုင်းဖရာကျေးရွာကို ဝင်ရောက်သွားနိုင်ခဲ့ပြီးနောက် တံတားညီနောင်နဲ့ ပျားအုံအထိ ရောက်ရှိလာပြီး KIA ရဲ့ ပိတ်ဆို့တိုက်ခိုက်ခံရတဲ့အတွက် နန့်တိန်းကျေးရွာအနီးတဝိုက်မှာ စစ်ရေးတင်းမာနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013