
ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းဟာ ပေါင်သန်း ၂၀၀ တန် ၃ နှစ်စာချုပ်နဲ့ ကမ်းလှမ်းမှု အတွက် ဖာနန်ဒက်စ်ကို ၃ ရက်အချိန်ပေးထားတယ်လို့သိရပါတယ်။
ဆော်ဒီလိဂ် အဆင့် ၂ မှာရပ်တည်ခဲ့တဲ့ အယ်လ်ဟီလာအသင်းဟာ လာမယ့်ရာသီအတွက် မန်ယူကွင်းလယ်လူ ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ အဓိက ပစ်မှတ်ထား ကြိုးပမ်းနေတာပါ။
ဖာနန်ဒက်စ်ဟာ မန်ယူအသင်းမှာ တပတ်လုပ်ခ ပေါင် ၂၈၀,၀၀၀ ရရှိနေသူဖြစ်ပြီး အယ်လ်ဟီလာအသင်းက တပတ်လုပ်ခ ပေါင် ၇ သိန်း ပေးချေမှာဖြစ်တဲ့အပြင် အခွန်ကင်းလွတ်ခွင့်လည်း ပေးမှာဖြစ်လို့ မက်မောစရာ လုပ်ခလစာဖြစ်နေတာပါ။
၃ နှစ်စာချုပ် အတွက် ဆုကြေးအပါအဝင် ပေါင်သန်း ၂၀၀ ကျော်တန် စာချုပ်နဲ့ ကမ်းလှမ်းတာဖြစ်ပြီး ၃ ရက် အတွင်းမှာ စဉ်းစားဆုံးဖြတ်ဖို့ ပြောဆိုထားတယ်လို့ သိရပါတယ်။
ဖာနန်ဒက်စ်ကတော့ မန်ယူအသင်းဘက်က ဘဏ္ဍာရေးပြဿနာတွေ ပြေလည်ဖို့အတွက် သူ့ကို ရောင်းချနိုင်ကြောင်း ဝန်ခံထားပေမဲ့ တဖက်မှာလည်း အဓိက ကစားသမားလည်းဖြစ်၊ အသင်းခေါင်းဆောင်လည်းဖြစ်သူကို မန်ယူအသင်းဘက်က လွယ်လွယ်ကူကူနဲ့ ရောင်းချ ဆုံးဖြတ်မှာမဟုတ်ဘူးလို့ သိရပါတယ်။