Home
မြန်မာသတင်း
နွားထိုးကြီးတွင် တိုက်ပွဲပြင်းထန်ပြီး ဒေသခံသောင်းချီ စစ်ဘေးရှောင်နေရ
DVB
·
May 28, 2025

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ နှစ်ဖက် တိုက်ပွဲ ဆက်လက်ပြင်းထန်နေလို့ ဒေသခံပြည်သူ သောင်းချီပြီး စစ်ဘေးရှောင်နေရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

တိုက်ပွဲတွေအတွင်း ပါဝင်တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံတယောက်က “မြို့ပေါ်က မြို့မရဲစခန်း အပါအဝင်ပေါ့ဗျာ။ ဒီမြို့နယ်ထဲမှာ သူတို့ တပ်စွဲနေတဲ့ နေရာတွေကို ဘက်ပေါင်းစုံကနေ ပိတ်ဆို့တိုက်ခိုက်နေတာပါ။ တိုက်ပွဲတွေကတော့ အခုထိ ပြင်းထန်နေဆဲပါ” လို့ ပြောပါတယ်။

အဆိုပါတိုက်ပွဲတွေကြောင့် နွားထိုးကြီးမြို့ပေါ်မှာ နေထိုင်ကြတဲ့ ပြည်သူတွေအပြင် အဆိုပါမြို့နယ်ထဲက တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကျေးရွာတွေက ဒေသခံပြည်သူ သောင်းချီပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

နွားထိုးကြီး အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက “မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာနဲ့ ငါန်းဇွန်မြို့နယ်တွေထဲမှာရှိတဲ့ (--)တွေ တပ်စွဲနေကြတဲ့ တပ်စခန်းတွေကို တပြိုင်တည်း တိုက်ခိုက်လာလို့ တိုက်ပွဲတွေ ပြင်းထန်နေတာဟာ ၁၀ ရက်လောက် ရှိလာခဲ့ပါပြီ။ တချို့နေရာတွေမှာ သူတို့ဘက်ကလည်း လေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူပေးတာတွေကို အလွန်အကျွံလုပ်နေတယ်။ အဓိကကတော့ စစ်တပ်ဘက်က အဲဒီလိုတွေ လုပ်နေလို့လည်း ပြည်သူတွေ ထွက်ပြေးကြရတာ များတာပါ။ နေရာတချို့တော့ ရပြီးထားပါပြီ။ ဒါပေမဲ့ ဝက်လူးရွာဘက်မှာတော့ တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်ပါတယ်ဗျ” လို့ DVB ကို ပြောပါတယ်။

အဆိုပါတိုက်ပွဲတွေအတွင်း စစ်ကောင်စီလက်အောက်ခံတွေ တပ်စွဲနေကြတဲ့ ထန်းဇင်မြောက် ကျေးရွာအနီးက တရုတ်ဓာတ်ငွေ့ပိုက်လိုင်းစောင့် တပ်စခန်းကိုတော့ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိထားတယ်လို့သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဟာ မေ ၁၅ ရက်က စတင်ပြီး 9/A Nyar Myae Operation အဖြစ် မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာနဲ့ ငါန်းဇွန်မြို့နယ်တွေထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်ကျဆုံးတာတွေ ရှိသလို စစ်ကောင်စီတပ်ဘက်ကလည်း ထိခိုက်သေဆုံးတာတွေ အများအပြားရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

အဆိုပါတိုက်ပွဲတွေနဲ့ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီတပ်ဘက်ကတော့ သတင်းတစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024