
မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ မေ ၂၅ ရက်နေ့တည်းက မိုးအဆက်မပြတ် ရွာသွန်းနေတဲ့အတွက် ဆင်တဲဝချောင်းမှာ ရေကြီးရေလျှံမှုဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ နေ့လယ် ၁ နာရီဝန်းကျင်မှာ ဆင်တဲဝချောင်းကို ဖြတ်ကူးချိန် ခရီးသည်တင်ယာဉ် ၁ စီး ရေထဲမျောပါသွားခဲ့တာမှာ ခရီးသည်တင်ယာဉ်ပေါ်က ခရီးသွားပြည်သူတွေကိုတော့ ရွာသားတွေက ကယ်တင်နိုင်ခဲ့တဲ့အတွက် အားလုံးလွတ်မြောက်ခဲ့ပြီး ကားကတော့ ရေထဲနစ်မြုပ်နေလို့ မေ ၂၇ ရက် နေ့လယ်ပိုင်းအထိ မဆယ်တင်နိုင်သေးဘူးလို့ သိရပါတယ်။
ဆင်တဲဝချောင်းဟာ နှစ်စဉ် ရေကြီးနေကျဖြစ်ပြီး မိုးရာသီရောက်တိုင်း အသွားအလာ ခက်ခဲတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောင်သာဒေသခံတယောက်က “မိုးက ထပ်ရွာနေတော့ ချောင်းရေအောက်မှာ သဲကိုက်ပြီး ကားက ခေါင်မိုးလေးပဲ ပေါ်တော့တယ်။ လူတွေတော့ တယောက်မှ အန္တရာယ်မရှိဘူးဗျ အကုန်လွတ်တယ် ဝိုင်းဆယ်ကြတာလေ၊ ဝိုင်းပြီးတော့မှ ကူဆယ်ကြတာ။ တခြားကားတွေလည်း ကျနော်သွားတုန်းက တွေ့တယ်ဗျ။ ခရီးသွားကားတွေရော ကုန်တင်ကားတွေရော ဘုရားဖူးတွေရော ထမင်းတွေ ဘာတွေ စားနေကြတာ။ အဲ့ကား ၂ စီးက ကူးတာဗျ။ ပြီးတော့ ထွန်စက်နဲ့ ဆွဲပေးတယ်။ တသောင်းခွဲလားမသိဘူး ကျနော်မြင်ခဲ့တယ်။ ပြီးကျ ရေလည်းနည်းတယ်၊ အရှေ့ကားတွေလည်း ဖြတ်နေတာပဲဆိုပြီး ဖြတ်ချတာ၊ မခန့်မသင့်ဘဲ အဲ့လိုဖြစ်သွားတာ” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ သစ်တောပြုန်းတီးမှုကြောင့် မိုးရွာချတဲ့အခါ မိုးရေကို ထိန်းပေးနိုင်တဲ့ သစ်ပင်တွေ မရှိတဲ့အတွက် မိုးရာသီရောက်တိုင်း ကမ်းပါးပြိုတာနဲ့ ရေကြီးရေလျှံမှုတွေ ကြုံတွေ့နေရတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူတွေက ပြောကြပါတယ်။
သဘာဝပတ်ဝန်းကျင်အကြောင်း လေ့လာသူတယောက်က “မြန်မာပြည်မှာရွာတဲ့ မိုးရေချိန်လက်မတွေဟာ အရင်တုန်းကထက်စာရင် အခု ပိုပြီးတော့များနေတယ်။ မိုးရွာတဲ့ရက်က သိသိသာသာ ပြောင်းမသွားပေမဲ့ မိုးရေချိန်လက်မက ပြောင်းလာတယ်။ မိုးရွာတဲ့ရက်က မများဘူး။ မိုးရေချိန်လက်မက တိုးလာတယ်ဆိုတာ မိုးရွာတဲ့အချိန်မှာ ကောင်းကင်ပေါ်က ရေတွေက သွန်ချလိုက်သလို များလာတာ၊ အဲဒါက ရာသီဥတုဖောက်ပြန်တာ။ မြန်မာပြည်ဟာ ရာသီဥတုဖောက်ပြန်ခြင်းကြောင့် ဖြစ်လာတဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ နိုင်ငံတနိုင်ငံဖြစ်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကတော့ မေ ၂၆ ရက်မှ ဇွန် ၂ ရက်အထိ မန္တလေးတိုင်း အပါအဝင် မြန်မာနိုင်ငံ နေရာအတော်များများမှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းရဲ့ သက်ရောက်မှုကြောင့် မေ ၂၇ ရက်မှ ဇွန် ၂ ရက်အထိ နိုင်ငံအနှံ့အပြားမှာ မိုးများနေပြီး အနောက်တောင်မုတ်သုံလေကြောင့် မိုးဦးကာလမိုးနဲ့ မိုးရွာသွန်းခြင်း ဆက်သွားနိုင်မယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
သီရိ