
ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်မှာ မောင်းလာတဲ့ ခရီသည်တင်ကား ၁ စီး သြဂုတ်လ ၁၅ ရက် ဒီမနက်ပိုင်းက လမ်းဘေးမြောင်းထဲထိုးကျတာကြောင့် လူ ၁၅ ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲတွေဆီက သိရပါတယ်။
နေပြည်တော်ကနေ ရန်ကုန်ဘက်ကိုမောင်းလာတဲ့ SCANlA NEUSTAR အမျိုးအစား ခရီးသည်တင်ယာဉ်ဟာ မိုင်တိုင်အမှတ် ၅၈ မိုင် ၁ ဖာလုံနဲ့ ၂ ဖာလုံ ကြားအရောက်မှာ လမ်းလယ်ကျွန်းကိုဝင်တိုက်ပြီး တံတားအောက်လမ်းဘေးမြောင်းထဲကို ထိုးကျတိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။
ဖြစ်စဉ်ကိုကူညီဆောင်ရွက်ပေးသူတယောက်က “ဒဏ်ရာရတဲ့သူက တိမ်းမှောက်တဲ့ ခရီးသည်တင်ယာဉ်ပေါ် ပါလာတဲ့သူတွေပါ။ ယာဉ်မောင်းအမျိုးသားက အိပ်ငိုက်တိမ်းမှောက်တာ လို့ သိရတယ်။ သေဆုံးသူမရှိဘူး” လို့ပြောပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါလာတဲ့ အမျိုးသား ၆ ယောက်၊ အမျိုးသမီး ၉ ယောက်၊ အားလုံး ၁၅ ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
ယာဉ်တိမ်းမှောက်မှုကို မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ကူညီကယ်ရေးအဖွဲ့တွေက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ပြီး ဒဏ်ရာရရှိသူတွေကို ပဲခူး ပြည်သူ့ဆေးရုံကြီးဆီကို ပို့ဆောင် ပေးခဲ့တယ်လို့ သိရပါတယ်။











