
တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက် လမ်းဆုံမှာ မေ ၂၃ ရက်၊ ည ၉ နာရီလောက်က ဧည့်စာရင်းလိုက်စစ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ထားဝယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းတလုံးခွဲပြီး ခြိမ်းခြောက်ခဲ့တယ်လို့ ထားဝယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (DDT) က ပြောပါတယ်။
ထားဝယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က “ပြည်သူအိမ်တွေကို တအိမ်ဝင် တအိမ်ထွက် လိုက်စစ်နေတုန်း မလှမ်းမကမ်းကနေ ဖောက်ခွဲပြီး ခြိမ်းခြောက်ခဲ့တာပါ။ သူတို့ဘက်က ပြန်ပစ်တာတော့ မရှိဘူး။ အဓိက ဖောက်ခွဲရတဲ့ ရည်ရွက်ချက်ကတော့ ပြည်သူတွေကို အနိုင်ကျင့် ဖိနှိပ်နေတဲ့ စစ်ကောင်စီတပ်ကို စိတ်ဓာတ်ပျက်ပြားအောင် လုပ်တာပါ။ ထားဝယ်မြို့ပေါ်မှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေ မည်သည့်စစ်ဆင်ရေးကိုမဆို အချိန်မရွေး ဖော်ဆောင်လို့ရတယ်ဆိုတာ ပြလိုက်တာပါ” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီဘက်က ဧည့်စာရင်းစစ်ရာမှာ မြို့နယ်ရဲတပ်ဖွဲ့၊ စရဖနဲ့ လုံခြုံရေးက ပြည်သူစစ်တွေ အပါအဝင် အယောက် ၂၀ ခန့်ရှိပြီး ဗုံးပေါက်ကွဲပြီးနောက် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
မေ ၇ ရက်က ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတားရှိ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်ကို ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပါဝင်တဲ့ ဒေသတွင်း ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၉ ယောက် သေဆုံးကာ ၇ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။