DVB Logo
Home
မြန်မာသတင်း
မကွေးထောင်တွင်း သေနတ်ပစ်ခတ်မှုကြောင့် နိုင်ကျဉ်း သေဆုံးသူ ၅ ဦး ရှိလာ
DVB
·
May 27, 2025
မကွေးထောင်တွင်း သေနတ်ပစ်ခတ်မှုကြောင့် နိုင်ကျဉ်း သေဆုံးသူ ၅ ဦး ရှိလာ
Donate to DVB

မကွေးဗဟိုအကျဉ်းထောင်မှာ အကျဉ်း‌ဦးစီးဝန်ထမ်းတွေက သေနတ်နဲ့ပစ်ခတ်လို့ နိုင်ငံရေးအကျဉ်းသား သေဆုံးသူ ၅ ယောက်အထိ ရှိလာနေပြီး ရိုက်နှက်ခံရသူတွေလည်း ဆေးဝါးကုသခွင့် ဆုံးရှုံးနေတယ်လို့ ထောင်တွင်းသတင်းရင်းမြစ်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ဧပြီ ၁၃ ရက် ညနေ ၆ နာရီဝန်းကျင်မှာ မကွေးတိုင်း၊  မကွေးဗဟိုအကျဉ်းထောင်ရှေ့မှာ စစ်‌ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ချိန် အကျဉ်းထောင်တွင်းမှာလည်း အကျဉ်းဦးစီးဝန်ထမ်းတွေနဲ့ အကျဉ်းသားတွေကြား တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။

တင်းမာမှုတွေဖြစ်နေချိန်မှာ ထောင်ဗူးဝနဲ့ ကင်းမျှော်စင်က အကျဉ်းဦးစီးဝန်ထမ်းတွေက သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းခဲ့လို့ ထောင်တွင်းဓမ္မာရုံမှာ နေထိုင်တဲ့ နိုင်ငံရေးအကျဉ်းသား စောရွှေအောင် အပါအဝင် အနည်းဆုံး ၅ ယောက်အထိ သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ဗဟိုဦးဆောင်ကော်မတီဝင် ဦးသိုက်ထွန်းဦးက ပြောပါတယ်။

“ဒီပစ်ခတ်မှု ဖြစ်စဉ်မှာတင် အနည်းဆုံး ၅ ဦး သေဆုံးခဲ့တယ်လို့ ကျနော်တို့ သိရှိထားရပါတယ်။ ဒီထဲမှာ ၃ ဦးရဲ့ နာမည်တွေကိုတော့ ရပေမဲ့ ကျန်တဲ့ ၂ ဦးရဲ့ နာမည်တွေကိုတော့ ဆက်ပြီး စိစစ် အတည်ပြုနေရဆဲ ဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်မှာ ရိုက်နှက်ခံရတဲ့သူတွေ အပါအဝင် မေးမြန်းတဲ့ အချိန်မှာလည်း ရိုက်နှက် စစ်ဆေးခံရတာ ဖြစ်တဲ့အတွက် ထိခိုက်ဒဏ်ရာတွေ၊ နာကျင်ဝေဒနာတွေ ခံစားနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အနည်းဆုံး ၅၀ ဝန်းကျင် ရှိပါတယ်။ အားလုံးနီးပါးရိုက်ခံရပေမဲ့လည်း လက်ရှိအချိန်မှာ စိုးရိမ်ရတဲ့လူတွေကိုတော့ ဆေးဝါးကုသမှုတချို့ ပေးပေမဲ့ ပုံမှန်ထိခိုက်နာကျင် ဒဏ်ရာရသူတွေကိုတော့ ထိရောက်တဲ့ ဆေးဝါးစောင့်ရှောက်မှုတွေ၊ သေချာတဲ့ စနစ်ကျတဲ့ ဆေးဝါးကုသမှု ပေးတာမရှိဘူးပေါ့နော်။”

အဲဒီပစ်ခတ်မှုဖြစ်စဉ်မှာ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်တယ်လို့ ထောင်အာဏာပိုင်တွေက စွပ်စွဲပြီး နိုင်ငံရေးအကျဉ်းသား ၄၀၀ ကျော်ကို မြေမြင်ပေါ် ဝမ်းလျားမှောက်ခိုင်းကာ ရိုက်နှက်ခဲ့လို့ နိုင်ငံ‌ရေး အကျဉ်းသားတွေရဲ့ ခါး၊ ခြေထောက်နဲ့ တင်ပါးတွေမှာ ရိုက်နှက်ဒဏ်ရာတွေအပြင် သေနတ် ဒဏ်ရာတွေလည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရိုက်နှက်ခံရသူတွေထဲက မတရားပုဒ်မတွေနဲ့ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ဦးဝင်းဝင်းနဲ့ ကိုဖြိုးတို့အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေဟာ ဆိုးဆိုးရွားရွား ရိုက်နှက်ခံခဲ့ရပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေကာ ထောင်အာဏာပိုင်တွေက ဆေးကုသခွင့်ကိုလည်း ပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ဟာ ထောင်အာဏာပိုင်တွေရဲ့ စွပ်စွဲမှုနဲ့ တိုက်ပိတ်ခံထားရတာ တလကျော် ကြာမြင့်နေပြီဖြစ်ပြီး ထောင်ဝင်စာတွေ့ခွင့်ကိုလည်း လုံးဝ ပိတ်ပင်ထားဆဲဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်နောက်ပိုင်း နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက တိုက်ပိတ် စစ်ဆေးတာတွေ၊ လူမဆန်စွာရိုက်နှက်နှိပ်စက်တာတွေ၊ အိပ်ဆောင်ခန်းပိတ်တာတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြင်းပြင်းထန်ထန်လုပ်ဆောင်လာနေတာပါ။

AAPP ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မျိုးကျော်က “ဒီလိုလူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကိုယ်တိုင်ကိုယ်ကျ ကျူးလွန်နေတဲ့သူတွေ၊ ပါဝင်ပတ်သက်နေတဲ့သူတွေ၊ အမိန့်ပေးစေခိုင်းနေတဲ့သူတွေ ၊ ဒီလူတွေက သေချာပေါက် အပြစ်ပေးအရေးယူခံရမှာ ဖြစ်တယ်။ ဒီလူတွေအတွက်လည်း ကျနော်တို့က စနစ်တကျ မှတ်တမ်းပြုစုနေတာရှိပါတယ်။ တချိန်မှာ တရားစွဲဆို အပြစ်ပေးအရေးယူနိုင်ဖို့ ကျနော်တို့ကြိုးစားနေတာတွေရှိပါတယ်။ ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးအတွက် တရားမျှတမှုသေချာပေါက် ပြန်လည်ရရှိရမှာဖြစ်တယ်။ တရားမျှတမှုရရှိဖို့အတွက် ကျ‌နော်တို့တွေ လွတ်မြောက်နေတဲ့ သူတွေက ဝိုင်းပြီးတော့ ကြိုးစားကြရမှာ ဖြစ်တယ်”လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ လူ့အခွင့်အရေးကော်မရှင်ကလည်း အကျဉ်းထောင်တွေအတွင်း စစ်ဆေးနေတယ်လို့ ပြောနေပေမဲ့  ထောင်တွင်းလူ့အခွင့်အရေးနဲ့ အကျဉ်းသား အခွင့်အရေး ချိုးဖောက်ခံရတဲ့ကိစ္စတွေကို  ထုတ်ပြန်ပြောဆိုတာမရှိပါဘူး။

စစ်တပ်အာဏာသိမ်းချိန်ကစပြီး ၂၀၂၅ ခုနှစ်၊ မေလ ၂၆ ရက်အထိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ကောက်ယူရရှိထားတဲ့ စာရင်းတွေအရ ဖမ်းဆီးခံခဲ့ရသူ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၂၉၁၈၄ ယောက် ရှိခဲ့ပြီး သေဆုံးသူ ၆၇၃၃ ယောက်ရှိတယ်လို့ သိရပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013