
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းက ထောင်နဲ့ချီတဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်က ထွက်ခွာခွင့်မပေးတာကြောင့် စားနပ်ရိက္ခာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အပြင် ဝင်ထွက်သွားလာသူတွေကို ဖမ်းဆီးရိုက်နှက်တာတွေ ရှိတယ်လို့ ပိတ်မိနေတဲ့ မြို့ခံပြည်သူတွေက ပြောပါတယ်။
ကော့ကရိတ်မြို့အနီးမှာ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းတို့ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီက မြေပြင်နဲ့ ဝေဟင်ကပါ တိုက်ခိုက်နေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
ကော့ကရိတ်မြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်တဲ့ ပူးပေါင်းတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
ကော့ကရိတ်မြို့နယ်တွင်းက ကျေးရွာတွေကို စစ်ကောင်စီက မြေပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပါတယ်။
ဒါ့အပြင် ကျုံဒိုးမြို့အနီးမှာ စစ်ကောင်စီက မြေပြင်ကနေ လက်နက်ကြီးတွေနဲ့ တိုက်ပွဲဖြစ်ပွားတာ မရှိတဲ့ ကျေးရွာတွေကိုပါ ပစ်ခတ်တိုက်ခိုက်နေပါတယ်။
စစ်ရှောင်အရေး ကူညီပေးနေသူတယောက်က “ကော့ကရိတ် ကျုံဒိုးက လေကြောင်းတိုက်ခိုက်မှုက နေ့တိုင်းဖြစ်နေတယ်။ လက်ရှိ တိုက်ပွဲက ဖြစ်နေဆဲပဲ။ ကော့ကရိတ်အခြမ်းနဲ့ ကျုံဒိုးအခြမ်းနဲ့။ လက်ရှိ အဲဒီမှာဖြစ်တဲ့ကိစ္စက ဒီဘက်အခြမ်း ကော့ကျိုက်တို့ဘက်က စစ်ဘေးရှောင်တွေ မပြန်ရဲကြသေးဘူး။ လေယာဉ်ဝဲတာနဲ့ ဗုံးကြဲတာနဲ့ ဒီဘက်အခြမ်းလည်း လာလာကြဲနေတယ်။ အခုက ကော့ကရိတ်အခြေအနေက တော်တော်ဆိုးနေတယ်။ နေ့စဉ်ပဲ လေကြောင်းနဲ့ လက်နက်ကြီးက မနက် မဟုတ်ရင် ညနေပိုင်း တနေ့ အနည်းဆုံး ၃ ခေါက်လောက် လေကြောင်းတိုက်ခိုက်မှုက ရှိနေတယ်” လို့ ပြောပါတယ်။
ကော့ကရိတ်မြို့တွင်းက ထောင်နဲ့ချီတဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်ဘက်က ထွက်ခွာခွင့် မပေးတာကြောင့် စားနပ်ရိက္ခာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အပြင် ဝင်ထွက် သွားလာသူတွေကို ဖမ်းဆီးရိုက်နှက်တာတွေ ရှိတယ်လို့ မြို့တွင်းမှာ ပိတ်မိနေတဲ့ မြို့ခံပြည်သူတွေက ပြောပါတယ်။
ကော့ကရိတ်မြို့ခံတယောက်က “ကော့ကရိတ်မှာ ဘေးကျပ်နံကျပ် ဖြစ်သွားပြီ။ အခုက ဖမ်းပြီးတော့ ရိုက်၊ ဖမ်းပြီးတော့ ရိုက် ဆိုတော့။ ရင်ထဲမှာ တလှပ်လှပ်နဲ့ နေနေရတယ်။ အခု ဆီတလီတာ ၂ သောင်းခွဲ။ ဝယ်စားလို့တောင်မရဘူး။ ဆန်ဆိုပိုဆိုး။ ဓာတ်ဆီတလီတာလည်း ၂ သောင်းခွဲ။ ဘာမှ ဘာမှ ဝယ်စားလို့မရတော့ဘူး။ သွားတဲ့သူတွေလည်း ဖမ်းပြီးရိုက်။ တခါတည်း လက်တွေကျိုး မျက်လုံးတွေကန်း။ ဖမ်းတာတွေလည်း ဘာတွေမှန်းမသိတော့ဘူး။ မနေ့က လေယာဉ်လာတယ်။ လေယာဉ်နဲ့ ရိက္ခာတွေ စစ်တပ်ကို လာချပေးတယ်။ သူတို့ကျတော့ ရိက္ခာရတယ်။ ကိုယ်တွေက ရိက္ခာတွေ ပြတ်တောက်ကုန်ပြီ။ အပြင်ထွက်ဝယ်တဲ့သူတွေ ဖမ်းရိုက်။ မပေးဝင်ဘူး လုံးဝ” လို့ ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ကရင်ပြည်နယ်အစိုးရအဖွဲ့က ဂျိုင်းမြစ်အတွင်း အများပြည်သူ သွားလာနေတဲ့ ကူးတို့ဆိပ်တွေကို ကူးသန်းသွားလာခွင့် ပိတ်ပင်ထားတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် လက်ရှိမှာ နှစ်ဖက်တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်ဘက်က ကော့ကရိတ်မြို့ အပါအဝင် ဘားအံ-ဂျိုင်းတံတား ကားလမ်းတလျှောက်နဲ့ ကျုံဒိုးမြို့အခြေစိုက် ခမရ ၅၄၅၊ ခမရ ၅၄၆ တပ်ရင်းတွေကနေ ခံစစ်အနေအထားနဲ့ လူ၊ လက်နက် အင်အားဖြည့်တင်းပြီး ခံစစ်ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
အောင်ခန့်