DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ် စိတ်ဖိစီးသဖြင့် ပူတင် ရူးနေသည်ဟု ပြောမိခြင်းဖြစ်နိုင်ဟု ရုရှား တုံ့ပြန်
DVB
·
May 27, 2025
ထရမ့်ပ် စိတ်ဖိစီးသဖြင့် ပူတင် ရူးနေသည်ဟု ပြောမိခြင်းဖြစ်နိုင်ဟု ရုရှား တုံ့ပြန်
Donate to DVB

ရုရှားသမ္မတ ဗလာဒီမာပူတင် လုံးဝရူးသွားပြီလို့ မှတ်ချက်ပေးခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ခံစားချက်တွေ ပြင်းထန်ပြီးတော့ ဆင်ခြင်တုံတရားရှိရှိ မတွေးနိုင်လောက်အောင် စိတ်ဖိစီးတဲ့ အခြေအနေ (emotional overload) ကြောင့် ပြောမိတာ ဖြစ်နိုင်တယ်လို့ ကရင်မလင်နန်းတော်က တုံ့ပြန်ပါတယ်။

ယူကရိန်းကို ရုရှားက လေကြောင်းကနေ အကြီးအကျယ် တိုက်ခိုက်ခဲ့အပြီးမှာ ထရမ့်ပ်က “ပူတင် တခုခု ဖြစ်သွားပုံပေါ်တယ်၊ လုံးဝရူးသွားပြီ၊ မလိုအပ်ဘဲ လူတွေအများကြီး သတ်နေတယ်” စသဖြင့် မှတ်ချက်ပေးခဲ့ပါတယ်။

ထရမ့်ပ်ရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်လို့ ပူတင်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စ်ကော့ဗ်က ရုရှား-ယူကရိန်း ညှိနှိုင်းဆွေးနွေးရေးအတွက် စီစဉ်ပေးတဲ့၊ စတင်ပေးတဲ့အပေါ် အမေရိကန်တွေနဲ့ သမ္မတထရမ့်ပ်အပေါ်  ပုဂ္ဂိုလ်ရေးအရပါ တကယ်ကျေးဇူးတင်ကြောင်း အရင်ဆုံးပြောခဲ့ပါတယ်။

ဒါပေမဲ့ တချိန်တည်းမှာပဲ ဒီမှတ်ချက်တွေဟာ အရမ်းအရေးကြီးတဲ့ အခိုက်အတန့် ဖြစ်တဲ့အတွက် ခံစားချက်တွေ ပြင်းထန်ပြီးတော့ ဆင်ခြင်တုံတရားရှိရှိ မတွေးနိုင်လောက်အောင် စိတ်ဖိစီးတဲ့ အခြေအနေ ရှိတဲ့လူတိုင်း စိတ်ခံစားချက်ကို ရှေ့တန်းတင်ပြီး တုံ့ပြန်တာနဲ့ ဆက်စပ်နေတယ်လို့ မှတ်ချက်ပေးပါတယ်။

ယူကရိန်းရဲ့ မဟာမိတ်တွေဟာ သူတို့ ထောက်ပံ့ပေးထားတဲ့ လက်နက်တွေကို သုံးစွဲမှု အကွာအဝေး ကန့်သတ်ထားတာကို ဖယ်ရှားပေးလိုက်ပြီဖြစ်တယ်လို့ ဂျာမနီအဓိပတိ ဖရိုင်းဒရစ်ချ် မာ့ဇ်က ပြောပါတယ်။

ရုရှားဟာ ၂၀၂၂ ဖေဖော်ဝါရီမှာ ယူကရိန်းကို အလုံးစုံ ကျူးကျော်မှုနောက်ပိုင်း အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှုတွေကို ဒီရက်ပိုင်း နေ့စဉ်ရက်ဆက် ပြုလုပ်နေပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ညကနေ တနင်္ဂနွေနေ့ မနက်ပိုင်းအထိ ဒရုန်းနဲ့ ဒုံးကျည် ၃၆၇ စင်း သုံးပြီး တိုက်ခိုက်ခဲ့တာကြောင့် ယူကရိန်းနိုင်ငံတဝန်း ၁၃ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

တနင်္ဂနွေညကနေ တနင်္လာမနက်အထိလည်း ဒရုန်း ၃၅၅ စင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် လူ ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

ပထမရက်က အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှုအဖြစ် စံချိန်တင်သလို နောက်ရက်ကလည်း အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှုအဖြစ် စံချိန်တင်ခဲ့ပါတယ်။

ဒီလိုတိုက်ခိုက်နေတာဟာ ယူကရိန်းက ရုရှားလူမှုအခြေခံအဆောက်အအုံတွေကို တိုက်ခိုက်လို့ လက်တုံ့ပြန်တာဖြစ်တယ်လို့ ပရက်စ်ကော့ဗ်က ပြောပါတယ်။

ယူကရိန်းနိုင်ငံ ဆိုမွေဒေသမှာတော့ ရုရှားရဲ့ ပစ်ခတ်မှုကြောင့် လူတယောက်ထက်မနည်း သေဆုံးပြီး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်း အရေးပေါ်ဌာနက မေ ၂၆ ရက်မှာ ပြောပါတယ်။

ယူကရိန်းနိုင်ငံတော် အရေးပေါ်ဌာနက တနင်္လာနေ့မှာ ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုဖိုင်ထဲမှာ မီးသတ်သမားတွေက အဆောက်အအုံတွေတလျှောက် မီးငြှိမ်းသတ်ဖို့ ဆောင်ရွက်နေတာကို ပြထားပါတယ်။

ထပ်ဆင့်ပေါက်ကွဲတတ်တဲ့ ကလပ်စတာဗုံးတွေသုံးပြီး ရုရှားက တိုက်ခိုက်လို့ မီးလောင်တာလို့ အရေးပေါ်ဌာနက ပြောပါတယ်။ ဗီဒီယိုရိုက်ကူးထားတဲ့ တည်နေရာနဲ့ ရက်စွဲကို သီးခြားအတည်မပြုနိုင်သေးပါဘူး။

ယူကရိန်းပိုင်နက်ထဲမှာ ကြားခံဇုန်ဖန်တီးဖို့ ကြိုးပမ်းမှု တစိတ်တပိုင်းအနေနဲ့ ရုရှားတပ်ဖွဲ့ဝင်တွေက ရွာ ၄ ရွာကို သိမ်းပိုက်ခဲ့တယ်လို့ ယူကရိန်းနယ်စပ် ဆိုမွေဒေသ အုပ်ချုပ်ရေးမှူးက တနင်္လာနေ့မှာ ပြောပါတယ်။

ရုရှားနိုင်ငံမြောက်ပိုင်းနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဆိုမွေဒေသဟာ ၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်းကို အပြည့်အ၀ ကျူးကျော်ဝင်ရောက်ချိန်ကစပြီး ရုရှားရဲ့ ကျူးကျော်မှုတွေ၊ ပစ်ခတ်တိုက်ခိုက်မှုတွေ အကြိမ်ကြိမ်ပစ်မှတ်ထားတာ ခံခဲ့ရပါတယ်။

အရှေ့မြောက်ပိုင်း နယ်စပ်တလျှောက် ရုရှားတပ်ဖွဲ့တွေ လှုပ်ရှားမှုတိုးလာလို့ ဒီဒေသဟာ မကြာသေးမီက ပစ်ခတ်တိုက်ခိုက်တာတွေ အသစ်ထပ်ဖြစ်တာကို မြင်တွေ့ခဲ့ရပါတယ်။

“ဒီရွာတွေက ဒေသခံတွေကို ဟိုးအရင်ကတည်းက ဘေးလွတ်ရာဆီကို ရွှေ့ပြောင်းခဲ့ပြီးသားမို့ အရပ်သားတွေကို ခြိမ်းခြောက်မှု မရှိပါဘူး” လို့ ဆိုမွေ ဒေသန္တရ အုပ်ချုပ်ရေးမှူးက ပြောခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013