Home
အထွေထွေ
ရန်ကုန်တွင် စည်ပင်က ရေမီတာနှုန်း ၂ ဆခွဲ တိုးမြှင့်ကောက်ခံမည်
DVB
·
May 27, 2025

ရန်ကုန်တိုင်းအတွင်းမှာ စည်ပင်က ရေမီတာနှုန်းတွေ ၂ ဆခွဲတိုးမြှင့်ကောက်ခံမယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေမီတာခတွေကို နောက်ကျမှကောက်ခံတာဖြစ်လို့ လက်ရှိမှာ မတ်လအတွက် ကောက်ခံနေပြီး ဧပြီလအတွက် ရေမီတာနှုန်းကစလို့ လက်ရှိနှုန်းထက် ၂ ဆခွဲ တိုးကောက်ခံမှာလို့ ဆိုပါတယ်။

ရန်ကုန်ဒေသခံတယောက်က “အခု ကျမတို့က တလကို ၃,၀၀၀ ကျတယ်။ ငွေလာကောက်တော့ နောက်လဆိုရင် ၆,၅၀၀ ဖြစ်တော့မယ်ဆိုပြီး ပြောသွားတယ်။ ကောင်းတာပေါ့ လို့ပဲ ပြန်ပြောလိုက်တော့တယ်” လို့ ပြောပါတယ်။

ရန်ကုန်မှာ စည်ပင်ကဖြန့်ဖြူးနေတဲ့ရေကို မီတာနဲ့ သုံးစွဲယူနစ်အလိုက် ကောက်ခံတာဖြစ်ပြီး တကယ်တမ်း မီတာကိုဖတ်၊ မဖတ် မသေချာဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မင်္ဂလာတောင်ညွန့်ဒေသခံတယောက်က “၃ လတခါစီလာလာကောက်တယ်။ ကျနော်တို့မှာ တလကို ၄,၀၀၀ ကျော်ကျတယ်။ အဲဒါ လာကောက်တဲ့သူက ၃ ဆတိုးမယ်လို့ပြောတာနဲ့ ၁၂,၀၀၀ ကျော်သွားမှာလား မေးလိုက်တော့ အဲလောက်တော့လည်း မဟုတ်ဘူးတဲ့။ တသောင်းကျော်ဖြစ်မယ်တဲ့” လို့ ပြောပါတယ်။

စုံစမ်းသိရှိရသလောက် အိမ်သုံးရေမီတာနှုန်းတွေကို လစဉ်ပုံသေနီးပါးနဲ့ပဲ ကောက်ခံနေတာဖြစ်ပြီး တလကို ၂,၀၀၀ ကျော်ကနေ ၅,၀၀၀ ဝန်းကျင်အထိ ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ ဝက်ဘ်ဆိုက်မှာတော့ နိုင်ငံသား အိမ်သုံးရေမီတာ တဂါလန်ကို ပြား ၅၀၊ နိုင်ငံသား စီးပွားသုံး ရေမီတာ တဂါလန်ကို ၂ ကျပ်၊ နိုင်ငံသား လုပ်ငန်းသုံး ရေမီတာ တဂါလန်ကို ၂ ကျပ်ခွဲ၊ နိုင်ငံခြားသား အိမ်သုံးရေမီတာ တဂါလန်ကို ၃ ကျပ်၊ နိုင်ငံခြားသား စီးပွားသုံးရေမီတာ တဂါလန်ကို ၄ ကျပ်ခွဲ၊ နိုင်ငံခြားသား လုပ်ငန်းသုံးရေမီတာ တဂါလန်ကို ၅ ကျပ်ခွဲနှုန်းနဲ့ လက်ရှိ ကောက်ခံနေတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကစလို့ လျှပ်စစ်မီတာခတွေကိုလည်း ၂ ဆခွဲ ဝန်းကျင်အထိ တိုးမြှင့်ခဲ့ပြီး တခြားအထွေထွေကုန်ဈေးနှုန်းတွေလည်း နေ့တိုင်းဆိုသလို မြင့်တက်လာနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024