
နှစ်စဉ်ကျင်းပတဲ့ ဂျေရုဆလင်နေ့ ချီတက်ပွဲအတွင်း လက်ယာစွန်းဝါဒီ အစ္စရေးလူအုပ်ကြီးက ပါလက်စတိုင်းတွေကို တိုက်ခိုက်ခဲ့ကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
တနင်္လာနေ့မှာ ကျင်းပသွားတဲ့ ချီတက်ပွဲအတွင်း “အာရပ်တွေ သေဆုံးပါစေ” ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ အမျိုးသားရေးလှုံ့ဆော်တဲ့ ဆောင်ပုဒ်တွေပါ အကြိမ်ကြိမ် အော်ဟစ်ခဲ့ကြပါတယ်။
ဒါဟာ ၁၉၆၇ ခုနှစ်မှာ အာရပ်နိုင်ငံတွေနဲ့ ဖြစ်ပွားခဲ့တဲ့ ၆ ရက်တာ စစ်ပွဲအတွင်း အစ္စရေးတပ်ဖွဲ့က ပါလက်စတိုင်းအများစု နေထိုင်ရာ အရှေ့ဂျေရုဆလင်ကို သိမ်းပိုက်နိုင်ခဲ့တဲ့ အထိမ်းအမှတ်နေ့လည်း ဖြစ်ပါတယ်။
အဲဒီနောက် ဂျေရုဆလင်မှာ တံတိုင်းတွေကာရံထားတဲ့ မြို့ဟောင်းထဲက ပါလက်စတိုင်းနယ်မြေထဲကို အစွန်းရောက်ဂျူးတွေ ဝင်ရောက်လာချိန်မှာတော့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။
အစ္စရေး အတိုက်အခံခေါင်းဆောင် ယဲလာပစ်ဒ် ကတော့ ဂျေရုစလင်နေ့ အခမ်းအနားကို “အမုန်းတရားနဲ့ လူမျိုးရေးခွဲခြားတဲ့ ပွဲတော်” ဖြစ်လာတဲ့အပြင် “ဂျူးဘာသာအတွက်ပါ အရှက်ရစရာစော်ကားမှု” ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။
အမျိုးသားရေးဝါဒီဖြစ်တဲ့ တက်ကြွလှုပ်ရှားသူတွေကလည်း “၆၇ မှာ ဂျေရုဆလင် ငါတို့လက်ထဲရောက်၊ ၂၀၂၅ မှာ ဂါဇာ ငါတို့လက်ထဲရောက်” ဆိုတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားကြပါတယ်။
ဒါ့အပြင် “သင်တို့ရွာ မီးသင့်ပါစေ” ဆိုပြီး “သင်တို့အိမ်က ကျွန်ုပ်တို့အပိုင် ဖြစ်လာလိမ့်မယ်” ဆိုတဲ့ ကြွေးကြော်သံတွေကိုပါ ချီတက်ပွဲတလျှောက် ကြားသိရကြောင်း ဖော်ပြထားပါတယ်။
နှစ်စဉ်နှစ်တိုင်း ထောင်နဲ့ချီတဲ့ အစ္စရေးနိုင်ငံသားတွေဟာ ဂျေရုဆလင်မြို့ အပါအဝင် သိမ်းပိုက်ထားတဲ့ မြို့ဟောင်းဆီ ချီတက်ရင်း ဂျူးဘာသာဝင်တွေ အထွတ်အမြတ်ထားရာ အနောက်ဘက်တံတိုင်းမှာ အဆုံးသတ်လေ့ရှိပါတယ်။
အခုနှစ် ချီတက်ပွဲဟာ ဂါဇာစစ်ပွဲနဲ့အတူ အနောက်ဘက်ကမ်းက ဟားမတ်စ်အဖွဲ့ဝင်တွေကို အစ္စရေးရဲ့ ထိုးစစ်ဆင်မှု ပြင်းထန်လာချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂရဲ့ ပထဝီနယ်မြေဆိုင်ရာ အကဲဖြတ်ချက်အသစ်အရ ဂါဇာစိုက်ပျိုးမြေ ၉၅ ရာခိုင်နှုန်းကျော်ဟာ အသုံးပြုမရတော့ဘဲ ၅ ရာခိုင်နှုန်းအောက်သာ ထွန်ယက်စိုက်ပျိုးစရာ ရှိတော့တယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် ဂါဇာကမ်းမြောင်မှာ စိုက်ပျိုးမြေစုစုပေါင်းရဲ့ ၄ ဒသမ ၆ ရာခိုင်နှုန်း ဖြစ်တဲ့ ဧက ၁,၇၀၀ သာ ကျန်ရှိတော့ကြောင်း ကုလအေဂျင်စီတွေရဲ့ သတိပေးချက်အရ သိရပါတယ်။
Source: Reuters