DVB Logo
Home
မြန်မာသတင်း
ဗန်းမော် စကခ ၂၁ နှင့် အနီးဝန်းကျင်ကို KIA ပူးပေါင်းတပ်များ ပြန်လည်ထိုးစစ်ဆင်
DVB
·
May 27, 2025
ဗန်းမော် စကခ ၂၁ နှင့် အနီးဝန်းကျင်ကို KIA ပူးပေါင်းတပ်များ ပြန်လည်ထိုးစစ်ဆင်
Donate to DVB

ကချင်ပြည်နယ် ဗန်းမော်မြို့က စစ်ကောင်စီတပ်ရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ စစ်ကွပ်ကဲရေးဌာနချုပ် စကခ ၂၁ နဲ့ အနီးပတ်ဝန်းကျင်ကို KIA နဲ့ ပူးပေါင်းတပ်တွေက ဒီကနေ့ မေလ ၂၇ ရက်နေ့ မနက်ပိုင်းမှာ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေပြီလို့ KIA စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မေ ၂၀ ရက်က စစ်ကောင်စီရဲ့ ရဟတ်ယာဉ် ၂ စီးကို ပစ်ချခဲ့ပြီးနောက် တိုက်ပွဲတွေ ငြိမ်သက်နေခဲ့ပေမဲ့ တိုက်ပွဲငြိမ်သက်နေချိန် အတောအတွင်းမှာလည်း စစ်ကောင်စီဘက်က လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

KIA စစ်ရေးသတင်းရင်းမြစ်က “ဒီကနေ့ မေလ ၂၇ ရက်နေ့ မနက်အစော ၄ နာရီလောက်မှာ အင်အားအများအပြားနဲ့ ပြန်ပြီး ထိုးစစ်ဆင်တိုက်ပွဲ ပြန်စနေပြီ။ စကခ ၂၁ စခန်းနဲ့ အနီးပတ်ဝန်းကျင်ကို ထိုးစစ်ပြန်စတာ။ Y12 တို့ ဂျက်ဖိုက်တာတို့ကတော့ နေ့တိုင်း လာတယ်။ တိုက်ပွဲငြိမ်နေတာလည်း တော်တော်တော့ကြာပြီ။ ၂၀ ရက်နေ့ ရဟတ်ယာဉ် ပစ်ချတာ အဲဒီမတိုင်ခင်ကတည်းက တိုက်ပွဲက ငြိမ်နေတာပေါ့။ လေကြောင်း ဗုံးကြဲတာ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေတော့ နေ့တိုင်းရှိတယ်။ မြေပြင်မှာတော့ နည်းနည်းပါးပါး ပစ်ခတ်တာလောက်ပဲ။ အခုတော့ ထိုးစစ်ပြန်စလိုက်တာ” လို့ ပြောပါတယ်။

မေ ၂၇ ရက်နေ့ မနက်ပိုင်း ထိုးစစ်အတွင်းမှာ မြို့အတွင်းမှာ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာ ၃ ခုထက်မနည်း သိမ်းပိုက်ရရှိထားတယ်လို့လည်း သိရပါတယ်။

လက်ရှိ ဗန်းမော်မြို့တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ မဟာမိတ်တပ်ပေါင်းစုတွေ ဖြစ်တဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် (KPDF)၊ အာရက္ခတပ်တော် (AA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကာကွယ်ရေးဝန်ကြီးဌာနက (MOD) လက်အောက်ခံ PDF၊ ဂေါ်ရခါး KIA၊ ကူကီးအမျိုးသားတပ်မတော်တို့က တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာလ ၄ ရက်နေ့ကတည်းကနေ KIA ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး ဗန်းမော်မြို့တွင်း တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

ဗန်းမော်မြို့က အင်အားအကြီးဆုံးတပ်ဖြစ်တဲ့ စကခ (၂၁) အနီးဝန်းကျင်ရှိ အမှတ် (၇၀၀၆) သံချပ်ကာတပ်ရင်း၊ တင့်ကားတပ်ရင်း၊ အမြောက်တပ် (၃၆၆) နဲ့ လေဆိပ်တို့ကို KIA ပူးပေါင်းတပ်က ဇန်နဝါရီကနေ ဖေဖော်ဝါရီ ၂ ရက်အတွင်း တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013