DVB Logo
Home
Lead Story
မေ ၂၇၊ ၉၀ ရွေးကောက်ပွဲ ကတိပျက်တာ ၃၅ နှစ်ကြာ
DVB
·
May 27, 2025
မေ ၂၇၊ ၉၀ ရွေးကောက်ပွဲ ကတိပျက်တာ ၃၅ နှစ်ကြာ
Donate to DVB

ရွေးကောက်ပွဲမှာ၊ နိုင်သူပါတီ

ရစေမည်ဟု၊ ကတိပြုခဲ့

နိုင်ခဲ့သောခါ၊ အာဏာမလွှဲ

လိမ်ညာဆဲကား၊ သုံးဆယ့်ငါးနှစ်ကြာခဲ့ပြီ။ ။

စစ်တပ်က နိုင်သူကို လွှဲပေးမယ်လို့ ကတိပေးပြီး ၁၉၉၀ ပြည့်နှစ် မေ ၂၇ ရက်က ကျင်းပခဲ့တဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲဟာ ၂၀၂၅ ခုနှစ် မေလ ၂၇ ရက် ဒီနေ့မှာ ၃၄ နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို စစ်တပ်က လိုက်နာပါမယ်လို့ ကတိပေးပြီးမှ အပြတ်အသတ် မဲအနိုင်ရခဲ့တဲ့ NLD နဲ့ SNLD ALD စတဲ့ ပါတီတွေကို အာဏာလွှဲမပေးခဲ့ပါဘူး။ စစ်တပ် (စစ်အာဏာရှင်တွေ) ကတိပျက်ခဲ့တာ ၃၅ နှစ်တိုင်တိုင် ရှိခဲ့ပြီ။ ၂၀၂၀ ရွေးကောက်ပွဲ မှာလည်း ကတိဖျက် အာဏာသိမ်းခဲ့သလို အခုလည်း ဒီဇင်ဘာမှာ မဲရွေးပြီး အာဏာလွှဲပါမည်ဟု ထပ်ကတိပေးနေပြန်ပါပြီ။

ကျနော်တို့ ကြုံခဲ့ရတဲ့ ၁၉၉၀ ရွေးကောက်ပွဲကို သမင်လည်ပြန်ကြည့်မိတော့ အဲသည်တုန်းက ရွေးကောက်ပွဲဟာ လွတ်လပ်ပေမဲ့ တရားမျှတမှုတော့ မရှိခဲ့ပါ။ စစ်တပ်က ခြိမ်းခြောက်နေတဲ့ကြားက ပါတီတွေက လှုပ်ရှားခဲ့ရပေမဲ့ NLD နဲ့ မဟာမိတ်တွေ အပြတ်အသတ် နိုင်ခဲ့တယ်။ အဲဒီအချိန်က နဝတစစ်အစိုးရက အာဏာလွှဲမပေးခဲ့ပါ။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီမှာ ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်း တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောမောင်က ကတိတွေ အကြိမ်ကြိမ်ပေးခဲ့တယ်။ ရွေးကောက်ပွဲအပြီး တက်လာတဲ့ အစိုးရကို အာဏာလွှဲပေးမယ်။ ပြီးရင် စစ်တန်းလျားပြန်မယ်လို့ ပြောခဲ့တယ်။ ဗိုလ်ချုပ်ကြီး စောမောင်အပြင် အဲဒီအချိန်က ဒုတိယဗိုလ်ချုပ်ကြီးသန်းရွှေ၊ ဗိုလ်ချုပ်ခင်ညွန့်တို့လည်း အာဏာလွှဲမယ်လို့ ပြောခဲ့တာပါ။ ဒါပေမဲ့ ၁၉၉၀ ပြည့်နှစ် မေ ၂၇ ရွေးကောက်ပွဲမှာ သူတို့ ထင်မှတ်မထားတဲ့ ရလဒ် ထွက်ခဲ့တယ်။ ဒီလိုထွက်ခဲ့ပြီးနောက်ပိုင်း သူတို့ လေသံပြောင်းပြီ။ အာဏာမလွှဲတော့ပါ။ ရွေးကောက်ပွဲက ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲဖို့ဖြစ်တယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြီးမှ အာဏာလွှဲမယ်ဆိုတဲ့ စကားကို သူတို့ ပြောင်းပြောခဲ့ပါတယ်။ ဗြောင်လိမ်ပါတော့တယ်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကို မဲပေးပိုင်ခွင့်ရှိသူ လူဦးရေ သန်း ၂၀ ထဲက ၁၅ သန်းကျော် လာရောက်မဲပေးခဲ့တယ်။ ဆန္ဒမဲပေးမှု ရာခိုင်နှုန်း ၇၂ ဒသမ ၅၉ ရှိခဲ့တယ်။ ရွေးကောက်ပွဲကျင်းပတဲ့ မဲဆန္ဒနယ် ၄၈၅ နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၃၉၂ နေရာ နိုင်ခဲ့ပါတယ်။

အကယ်၍ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲက ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲဖို့အတွက်ဆိုရင် မဲပေးသူအရေအတွက် ဒီလောက်များခဲ့မှာ မဟုတ်ပါဘူး။ အာဏာလွှဲပြောင်းရေးအတွက် အဆုံးအဖြတ်ကျလို့သာ မဲပေးခဲ့တာ ဖြစ်ပါတယ်။ အာဏာလွှဲပေးလိမ့်မယ်လို့ ယုံကြည်တဲ့အတွက် ပြည်သူတွေ မဲပေးခဲ့တယ်။ သူတို့ ဖြစ်ချင်သလို မဖြစ်တော့ စစ်တပ်က လက်မခံတာပါ။

မဲဆန္ဒရှင် ပြည်သူတွေ အလိမ်ခံလိုက်ရတယ်။ ၃၅ နှစ်ရှိပြီ။ အခု ဒီဇင်ဘာမှာ ထပ်မဲရွေးပြီး လိမ်ဖို့ ကြိုးစားနေပြန်ပြီ။

၉၀ ရွေးကောက်ပွဲကို သရော်သော ကဗျာ ၂ ပုဒ်

ကဗျာတွေရေးပြီး သရော်တာကို မကြာခဏ တွေ့ရမယ်။ ကုန်ဈေးနှုန်းတက်တာကို သရော်တဲ့ ကဗျာတွေမျိုး၊ အသပြာ ဆရာဝန်တွေကို သရော်တဲ့ ကဗျာမျိုး စတာတွေ ရှိခဲ့ကြပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲ ကတိပျက်တာကို သရော်တဲ့ ကဗျာတွေကိုတော့ ကဗျာဆရာကြီး တင်မိုးနဲ့ ကဗျာဆရာ မင်းကိုနိုင်တို့က ရေးခဲ့ကြတယ်။

ဆရာတင်မိုး ဘောလုံးပွဲကဗျာ

မြန်မာ့သမိုင်းမှာ ၁၉၉၀ ရွေးကောက်ပွဲကို လိမ်လည် အချိန်ဆွဲ ကျင်းပပြီး မဲနိုင် NLD ပါတီကို အာဏာလွှဲမပေးခဲ့တာကို ကဗျာတပုဒ်ရေးပြီး ဖော်ထုတ်ပေးခဲ့ပါတယ်။ ကဗျာဆရာကြီး တင်မိုး (၁၉ နိုဝင်ဘာ ၁၉၃၃ – ၂၂ ဇန်နဝါရီ ၂၀ဝ၇) ပါ။ ၁၉၉၅ နိုဝင်ဘာ ၃၀ မန္တလေး ဆွံ့အနားမကြားကျောင်း ရန်ပုံငွေစာပေဟောပြောပွဲမှာ ဆရာတင်မိုး ရွတ်ဆိုတဲ့ “ဘောလုံးပွဲ” ကဗျာပါ။ ဖေဖော်ဝါရီလမှာ စစ်အစိုးရရဲ့ ဖမ်းထားရာမှ လွတ်လာပြီး ပထမအကြိမ် ဟောပြောပွဲတက်ခြင်း ဖြစ်ပါတယ်။ သူက ရွေးကောက်ပွဲကို ဘောလုံးပွဲနဲ့နှိုင်းပြီး ပထမရတဲ့ အသင်းက ဒိုင်းဆု ဖလားမရသေးတဲ့အကြောင်း ခိုင်းနှိုင်းကာရန်လေးတွေနဲ့ ရေးသွားခဲ့တာပါ။ ၂၀၂၀ ရွေးကောက်ပွဲအတွက်လည်း ဒီ သမိုင်းတွင်ကဗျာက အကျုံးဝင်နေဦးမှာပေါ့။ နောက်ပြီး စစ်တပ်က လုပ်ချင်နေတဲ့ လာမယ့် ၂၀၂၅ ရွေးကောက်ပွဲကိုရော ပြည်သူတွေက ဘာလုပ်သင့်သလဲ။ ဆန့်ကျင်သင့်၊ မသင့်ကို ဒီ ‘ဘောလုံးပွဲ’ ကဗျာ ဖတ်ပြီးရင် သိလာပါလိမ့်မယ်ဗျာ။

ဘောလုံးပွဲ

တင်မိုး

ဘောလုံးပွဲကား

သဲသဲရုတ်ရုတ်၊ ခရာတုတ်လျက်

မိုးချုပ်ချိန်မှာ ပွဲသိမ်းပြီ။

နိုင်သည့်အသင်း၊ ကွင်းထဲဆင်း၍

ကွင်းကိုလှည့်ပတ်၊ ပရိသတ်ကို

ဦးညွတ် အလေးပြုပြီးပြီ။

အဖွဲ့ချုပ်က၊ ဥက္ကဋ္ဌလဲ

ရှေ့ကဒိုင်းကြီး၊ ပွဲအပြီးတွင်

လက်ခုပ်တီးသံ၊ တညံညံနဲ့

နိုင်သူ့ထံသို့ အပ်ရန်သာ။

သန်းခေါင်တိုင်လဲ၊ အောင်နိုင်သောဆု

မ အပ် သေး။

ပရိသတ်ကား၊ မတ်တပ်ရပ်၍

စောင့် ကြ ဆဲ။

ဒိုင်နှိပ်စက်၍

ကြွက်တက်သူတက်၊ အိပ်ပျက်သူပျက်

စိတ်ညစ်သူညစ်၊ လစ်သူလစ်ပြီ

မ ဖြစ် ဖူးမြဲ ဘောလုံးပွဲ

အံ့ဖွယ်သရဲ စံပါပဲ။ ။

မင်းကိုနိုင်၏ ၁၉၉၀ ရွေးကောက်ပွဲ သရော်ကဗျာ

၁၉၉၀ ရွေးကောက်ပွဲမှာ စစ်တပ်က လိမ်ညာခဲ့ပုံကို ဆရာတင်မိုးက ရေးစပ်ထားခဲ့တာပါ။ အလားတူ ကိုမင်းကိုနိုင်ကလည်း ၁၉၉၀ ရွေးကောက်ပွဲကို အရူးပါးတသိုက်နဲ့ ထုပ်ဆီးတိုးခြင်း ကဗျာကို ရေးဖွဲ့ သရော်ခဲ့ပါတယ်။

အရူးပါးတသိုက်နှင့် ထုပ်ဆီးတိုးခြင်း

ခေါင်သူကြီးက အရူးပါး

အသင်းသားတွေက နဝေတိမ်တောင်

ကွင်းလယ်ကောင် ဖုန်တွေလူးလို့

ရူးချင်ယောင်ဆောင်။

စည်းကျော်လို့ ဖမ်းတာတောင်

အောင်လံထူတို့အသင်း

ထမင်းရေပူပြန်သတဲ့

ခြေကန်လို့ငြင်း။ ။

(၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပြတ်အသတ် အနိုင်ရခဲ့သော်လည်း အစိုးရအဖွဲ့ ဖွဲ့ခွင့်မရချိန်က ရေးဖွဲ့သည်။)

ကဗျာဆရာ ၂ ဦးက ၁၉၉၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အခုလို ကဗျာ ၂ ပုဒ်နဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့တယ်။ တခြားကဗျာဆရာတွေလည်း အလားတူ ကဗျာ ရေးထားခဲ့တာလည်း ရှိနိုင်ပါသေးတယ်။ အလားတူ ၁၉၉၀ ရွေးကောက်ပွဲ မဲနိုင်အမတ်တွေကလည်း ဆန့်ကျင်ခဲ့ကြတာပါပဲ။ ဂန္ဒီခန်းမ အစည်းအဝေးနဲ့ အစိုးရဖွဲ့ဖို့တွေ လုပ်ကြရင်းက အသတ်ခံရ၊ ထောင်နှစ်ရှည်ကျ၊ ပြည်ပ ထွက်ပြေးရတာတွေ ဖြစ်ကြပါတယ်။ ပြည်ပမှာ NCGUB အစိုးရဖွဲခဲ့ပေမဲ့ အခု NUG အစိုးရလောက်ထိ မအောင်မြင်ခဲ့ဘူးပေါ့။ ပြည်သူရွေးချယ်ခဲ့တဲ့ ကိုယ်စားလှယ်တွေကို စစ်တပ်က သတ်ပစ်ခဲ့တာ အများကြီးပါ။ အခု ၂၀၂၀ မဲနိုင်အမတ်တွေကိုလည်း စစ်တပ်က သတ်ပစ်နေတာပါပဲ။ အဲဒီတော့ ၁၉၉၀ မေ ၂၇ ရွေးကောက်ပွဲ ၃၅ နှစ်မှာ ပြောချင်တာကတော့ ကတိမတည် လိမ်ညာ လူသတ် စစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲပါ။ ဒီဇင်ဘာမှာ ကျင်းပမယ်ဆိုပဲ။ ပါတီတွေ ထပ်မပြိုင်ကြပါနဲ့။ ပြည်သူတွေ မဲသွားမထည့်ကြပါနဲ့။ ပြည်သူလူထုက ၂၀၂၅ ရွေးကောက်ပွဲကို နည်းမျိုးစုံနဲ့ ဆန့်ကျင်ကြပါစို့။

၉၀ ရွေးကောက်ပွဲ ၃၅ နှစ် သင်ခန်းစာ ရွေးကောက်ပွဲမလို

စစ်တပ် ကာကွယ်ရေးဦးစီးချုပ် စောမောင်က “ပြည်သူက ရွေးချယ်ပေးခဲ့တဲ့ အစိုးရတရပ် ပေါ်ပေါက်လာရင် စစ်တပ်က စစ်တန်းလျားကို ပြန်မယ်၊ တိုင်းပြည်ရဲ့ ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ကြရမယ်၊ တိုင်းပြည်အုပ်ချုပ်ရေး ကိစ္စတွေဟာ ရွေးချယ်ခံခဲ့ရလို့ ပေါ်ပေါက်လာမဲ့ အစိုးရတာဝန်သာ ဖြစ်တယ်” ဆိုတဲ့ ကတိစကား ပြောခဲ့တယ်။ ဒါကြောင့် လူထုဟာ အသည်းကြားက မဲတပြားနဲ့ ခမောက်ဘေးမှာ ကြက်ခြေခတ် ပြည်သူ့အောင်ပွဲမှတ် ဆိုပြီး NLD ကို မဲပေးခဲ့ကြတာလေ။ NLD နိုင်ခဲ့ပေမဲ့ စစ်အစိုးရက အရှုံးကို လက်မခံတော့ NLD ပါတီဟာ အစိုးရ ဖွဲ့ခွင့်မရဘဲ တောက်လျှောက် ဖိနှိပ်မှု ဖမ်းဆီးတာ သတ်ဖြတ်တာတွေကိုပဲ ခံခဲ့ရ၊ ပြည်သူ့မဲတွေလည်း အဟောသိကံပေါ့။ အခုတော့ ၃၅ နှစ် သင်ခန်းစာက နှစ်ထပ်ကွမ်း ရပါပြီ။ မဲပေးရွေးလည်း စစ်တပ် လက်မခံရင် အာဏာ မလွှဲပါဘူး။ လွှဲထားပြီးရင်လည်း ပြန်သိမ်းမှာပါ။ သိမ်းလည်း၊ သိမ်းထား ၄ နှစ်များတောင် ကြာနေ ကျော်လာပြီ။ ဒီတော့ ၂၀၂၅ မှာလည်း ဘာရွေးကောက်ပွဲမှ ပြည်သူက မလိုချင်တော့ပါ။ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်မှသာ ပြည်သူ့လွတ်လပ်ခွင့်တွေ ပြန်ရပါမည်။ အာဏာရှင် အရှင်မထွက်ပါ။

လက်နက်သခင်၊ အာဏာရှင်သည်

အရှင်မထွက်၊ ရှုံးမှထွက်မည်

အထွက်မြန်ရေး၊ စုဝေးတိုက်ကြ

တိုက်ပွဲရှိမှ၊ အောင်ပွဲရမည်

အများညီ ဤ ကျွဲ ဖတ်တကား။ ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013