DVB Logo
Home
မြန်မာသတင်း
ဖမ်းမိတရားမဝင်ပစ္စည်းများ အမြန်ဆုံးထုခွဲရောင်းချရန် ဒုစစ်ခေါင်းဆောင် ညွှန်ကြား
DVB
·
May 27, 2025
ဖမ်းမိတရားမဝင်ပစ္စည်းများ အမြန်ဆုံးထုခွဲရောင်းချရန် ဒုစစ်ခေါင်းဆောင် ညွှန်ကြား
Donate to DVB

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးက ဖမ်းဆီးရမိတဲ့ ပစ္စည်းတွေကို အမြန်ဆုံး ထုခွဲရောင်းချပြီး နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ဥပဒေအပိုင်းက မြန်မြန်ဆန်ဆန် စစ်ဆေးဖို့ လိုအပ်ကြောင်း ဒုစစ်ခေါင်းဆောင်က ပြောပါတယ်။

နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမမှာ မေ ၂၆ ရက် နေ့လယ်ပိုင်းက ပြုလုပ်တဲ့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အစည်းအဝေး ၂/၂၀၂၅ မှာ ပြောဆိုခဲ့တာပါ။

“ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့က ဖမ်းဆီးရမိတဲ့ ပစ္စည်းတွေကို အလေအလွင့် အဆုံးအရှုံး အနည်းဆုံးဖြစ်အောင် ထိန်းသိမ်းရမှာဖြစ်သလို ဥပဒေအပိုင်းကလည်း မြန်မြန်ဆန်ဆန် စစ်ဆေးကာ အမြန်ဆုံး ထုခွဲရောင်းချပြီး နိုင်ငံတော်ပိုင်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းခြင်းကို လုပ်ထုံးလုပ်နည်းနဲ့ အညီ အမြန်ဆုံးဆောင်ရွက်ဖို့” ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောခဲ့တာပါ။

ဒါ့အပြင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကော်မတီ ဖွဲ့စည်းခဲ့ပြီး ၃ နှစ်နဲ့ ၄ လတာ ကာလအတွင်း ဖမ်းဆီးရမိအမှုတွဲ ၂၂,၁၉၈ မှုနဲ့ တန်ဖိုးငွေကျပ် ၅၇၆ ဒသမ ၅၄၁ ဘီလီယံ ရှိပြီး ဖမ်းဆီးရရှိမှုတွေထဲမှာ ၂၀၂၅ ခုနှစ် မတ်လက အများဆုံးဖြစ်ကြောင်း ဒုစစ်ခေါင်းဆောင်က ရှင်းပြပါတယ်။

ရန်ကုန်၊ ပဲခူးနဲ့ နေပြည်တော်မှာ ဖမ်းဆီးရမိတဲ့ ကုန်ပစ္စည်းတချို့မှာ စစ်တပ်နဲ့ဆက်နွှယ်နေတဲ့ ကုန်ပစ္စည်းတွေရှိပြီး စစ်တပ်အကြီးအကဲတချို့က အမှုကို အမြန်ပြီးပြတ်စေချင်သူတွေလည်း ရှိတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

“တရားမဝင်ကုန်သွယ်မှုဆိုတာ မပေးလို့ အဖမ်းခံရတာ၊ ပေးတာနည်းရင်လည်း အဖမ်းခံရတယ်။ စစ်တပ်နဲ့ သွင်းကုန်တူရင်လည်း အဖမ်းခံရတယ်။ ဖမ်းထားတဲ့ ကုန်ပစ္စည်းချင်းအတူတူ စစ်တပ်သွင်းတဲ့ ကုန်ပစ္စည်းဆို ပြန်ပေးမယ်၊ ကျောထောက်နောက်ခံမရှိတဲ့သူရဲ့ ကုန်ပစ္စည်းက နိုင်ငံပိုင်အဖြစ် အသိမ်းခံရမယ်၊ ဒါကြောင့် အမှုတွေပြီးပြတ်အောင် လုပ်ခိုင်းတာ။”

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးက ဖမ်းဆီးရမိမှု အများဆုံးမှာ လိုင်စင်မဲ့ယာဥ်တွေ၊ ဆိုင်ကယ်နဲ့ အိုင်ဖုန်းတွေ၊ လျှပ်စစ်ဆက်စပ်ပစ္စည်းတွေ၊ အိမ်ဆောက်ပစ္စည်းတွေနဲ့ လူသုံးကုန် အလှကုန်ပစ္စည်းတွေဖြစ်ပြီး အမြန်ဆုံး ထုခွဲရောင်းချနိုင်ရေးအတွက် အမြန်ဆုံး လုပ်ဆောင်နေကြောင်း ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်တွေက တင်ပြကြပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြီးခဲ့တဲ့ မတ် ၁၉ ရက်က ပြုလုပ်တဲ့ အစည်းအဝေးမှာ “တရားမဝင်ကုန်သွယ်မှုတွေဟာ ရာဇဝတ်ကျူးလွန်မှု၊ အကြမ်းဖက်အဖွဲ့အစည်းများအပေါ် ငွေကြေးထောက်ပံ့မှု၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးကိုပါ ထိခိုက်စေတဲ့အတွက် ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့” ပြောခဲ့တာလည်း ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013