
ကချင်လွတ်လပ်ရေးအဖွဲ့ ( KIO/KIA) ဌာနချုပ်ရှိရာ လိုင်ဇာအုပ်ချုပ်ရေးနယ်မြေအတွင်း KTV နဲ့ Melody (စင်တင် တေးဂီတဆိုင်) တွေကို ရက်အကန့်အသတ်မရှိ ပိတ်ထားဖို့ KIO ရဲ့ ထုတ်ပြန်ချက်နဲ့ ဒေသခံတွေဆီက သိရပါတယ်။
လိုင်ဇာ အုပ်ချုပ်ရေးနယ်မြေအတွင်း ဖွင့်လှစ်ထားတဲ့ KTV ဆိုင်တွေနဲ့ Melody ဆိုင်တွေအားလုံး လက်ရှိ အခြေအနေပေါ် မူတည်ပြီး ရက်အကန့်အသတ် မရှိ ပိတ်ထားဖို့ KIO အုပ်ချုပ်ရေးဌာနက မေ ၂၄ ရက်က အသိပေး ထုတ်ပြန်ထားတာပါ။
ကချင်ပြည်နယ်အတွင်း လက်ရှိ နိုင်ငံရေးနဲ့ စစ်ရေး အခြေအနေတွေကြောင့် ခုလို ပိတ်တားတာလို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “လိုင်ဇာဘက်က KTV ပိတ်တယ်ဆိုတာ အခြေအနေ မကောင်းလို့ပါ။ မြစ်ကြီးနားဘက်လည်း စစ်ရေးလှုပ်ရှားမှုရှိလာတယ်။ စစ်ကောင်စီတပ်ဖွဲ့က အဆင့်မြင့် ဒရုန်းတွေနဲ့ တိုက်ခိုက်လာနိုင်တာကြောင့် ယာယီ ပိတ်ထားတာ" လို့ ပြောပါတယ်။
ဒေသခံ အမျိုးသမီးတယောက်က "KTV တွေ၊ စင်တင်ဆိုင်တွေ ပိတ်တယ်။ နိုင်ငံရေးကြောင့်ထင်တယ်။ လောလောဆယ် ထုတ်ပြန်ထားတဲ့ အတိုင်းပဲ။ အဲဒီထက်တော့ မပိုဘူး။ နိုင်ငံရေးကြောင့်ပါ" လို့ ပြောပါတယ်။
ဒါ့အပြင် KTV တွေဟာ အရင်ကလို သီချင်းဆို အပန်းဖြေတာမျိုး မဟုတ်တော့ဘဲ လိုင်ဇာ၊ မိုင်ဂျာယန် နေရာအနှံ့က အသက် ၁၆ နှစ်ကနေ ၁၈ နှစ် အရွယ်လူငယ်တွေ KTV တွေမှာ WY, K, E နဲ့ Happy Water စတဲ့ မူးယစ်ဆေးဝါးတွေ သုံးစွဲကာ ပျက်စီးကုန်တာ တွေ့လာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေကတော့ လူငယ်တွေ KTV မှာ မူးယစ်ဆေးဝါး သုံးစွဲမှု ဆိုးဝါးလာတာကြောင့် KTV ပိတ်ထားတာကို ကြိုဆိုပေမဲ့ လူငယ်တွေက မူးယစ်ဆေးဝါး သုံးစွဲဖို့ အဆင်ပြေတဲ့ ဟိုတယ် တွေလို၊ တခြား မူးယစ်ဆေးဝါးသုံးလို့ အဆင်ပြေတဲ့ နေရာတွေလိုမှာ Sound Box တွေဖွင့်ပြီး လုပ်လာတတ်ကြလို့ စိုးရိမ်တယ်လို့ဆိုပါတယ်။
KIO အုပ်ချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါး တင်သွင်းသူတွေကို ထိထိရောက်ရောက် အရေးယူစေလိုပြီး တဖက်က တိုက်ပွဲ၊ တဖက်က ပျော်ပွဲရွှင်ပွဲ လုပ်နေတာမျိုး မဖြစ်စေချင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မေ ၂၄ ရက်ကစ KTV ဆိုင်တွေနဲ့ Melody ဆိုင်တွေကို ပိတ်ထားဖို့ တရားဝင် အသိပေးထားပြီး ဆိုင်ပိတ်ထားဖို့ ကြေညာထားတဲ့ ကာလအတွင်း ဆိုင်ဖွင့်တာတွေ၊ သတ်မှတ်ချက် စည်းကမ်း ချိုးဖောက်တာတွေ ရှိပါက ပြင်းပြင်းထန်ထန် အရေးယူသွားမှာဖြစ်ကြောင်း KIO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
KTV ဆိုင်တွေနဲ့ Melody ဆိုင်တွေ ပြန်လည် ဖွင့်လှစ်လို့ရမယ့် အခြေအနေ ရောက်ရင် မြို့နယ် အုပ်ချုပ်ရေး ရုံးကနေ ပြန်လည်အသိပေးသွားမှာ ဖြစ်ကြောင်းဖော်ပြထားပါတယ်။
လိုင်ဇာမှာတော့ KTV နဲ့ Melody ဆိုင် ၆ ဆိုင်ခန့် ရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။ စစ်ကောင်စီတွေကတော့ ဒီရက်ပိုင်းအတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ ကချင်ပြည်နယ် ဖားကန့်လမ်းတွေနဲ့ ဝိုင်းမော်မြို့နယ်တွေမှာ ဆက်တိုက်ထိုးစစ်ဆင်နေသလို ဗန်းမော်မှာလည်း တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။