DVB Logo
Home
မြန်မာသတင်း
မြန်မာဘက်က ရွှေနှင့် သတ္တုတူးဖော်ရေးများ ရပ်တန့်ရန် ထိုင်းပြည်သူများ တောင်းဆို ဆန္ဒပြ 
DVB
·
May 26, 2025
မြန်မာဘက်က ရွှေနှင့် သတ္တုတူးဖော်ရေးများ ရပ်တန့်ရန် ထိုင်းပြည်သူများ တောင်းဆို ဆန္ဒပြ 
Donate to DVB

မြန်မာနိုင်ငံ ရှမ်းပြည်နယ်ရှိ UWSA ‘ဝ’ လက်နက်ကိုင်တပ်ဖွဲ့ ထိန်းချုပ်ဒေသထဲက ရွှေ၊ မြေရှားသတ္တုနဲ့ မဂ္ဂနီစီယမ်သတ္တု တူးဖော်မှုက စွန့်ပစ်တဲ့ ဓာတုအညစ်အကြေးတွေကြောင့် ထိုင်းနိုင်ငံဘက်ကို စီးဝင်လာတဲ့ နမ့်ခုတ်၊ မယ်ဆိုင်နဲ့ မဲခေါင်မြစ်ထဲက ရေတွေ ညစ်ညမ်းမှုဖြစ်ပြီး လူမှုစီးပွားရေးဘဝ ထိခိုက်နေတာကြောင့် အဆိုပါလုပ်ငန်းတွေ ရပ်ဆိုင်းဖို့  ထိုင်းပြည်သူတွေက ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

အဆိုပါ ဆန္ဒပြတောင်းဆိုပွဲကို ထိုင်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အဖွဲ့တွေ ပူးပေါင်းပြီး မေ ၂၄ ရက် စနေနေ့ ညနေပိုင်းက ချင်းရိုင်းခရိုင်၊ ချင်းရိုင်းမြို့ ဆွန်ဒုံးပန်းခြံမှာ ကျင်းပသွားပါတယ်။

ပွဲစီစဉ်သူ ကျိန်းခေါင်ချစ်သူများအဖွဲ့ ဥက္ကဋ္ဌ နိုင်းနိဝပ်လွဲ့ကယောက်က “အခြေအနေက အားလုံးသိကြတဲ့အတိုင်း ကျနော်တို့ဘက်က နမ့်ခုတ်၊ မယ်ဆိုင်၊ မဲခေါင် စတဲ့ မြစ်ချောင်းတွေ အဆိပ်သင့် ညစ်ညမ်းမှုတွေ ဖြစ်နေပြီ၊ ဒီအတိုင်းထားရင် ပိုဆိုးလာလိမ့်မယ်၊ ဒီပြဿနာကို ထိုင်း၊ မြန်မာ၊ တရုတ်နဲ့ ‘ဝ’ လက်နက်ကိုင်တပ်ဖွဲ့တို့ သိဖို့လိုတယ်။ ဒီ မြစ်ချောင်းတွေ ကာကွယ်ဖို့  ဌာနေတိုင်းရင်းသားအားလုံး အင်အားပြဖို့ လိုတယ်” လို့ ပြောပါတယ်။

နိုင်ငံတကာမြစ်ချောင်းများအဖွဲ့ တာဝန်ရှိသူ နန်းဆောင်ဖရဲဖွန်း ဒီထိန်းကလည်း “GISTDA ဂြိုဟ်တုတွေ့ရှိချက်အရ တဖက်နိုင်ငံမှာ သတ္တုတူးဖော်တဲ့ နေရာပေါင်း ၄၀ ရှိတယ်။ အဲဒါဟာ ဒီ ၂ နှစ်အတွင်းမှာပဲ ပေါ်လာတာ၊ ပြီးတော့ နိုင်ငံတကာဥပဒေစိုးမိုးမှုမရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်တဲ့နေရာမှာ ရှိတယ်။ ၂၀၂၄ ခုနှစ်ကစ မြစ်ချောင်းညစ်ညမ်းမှု အခြေအနေ ပိုဆိုးလာတယ်” လို့ ပြောပါတယ်။

ချင်းရိုင်း မယ်ဖာ့လုန်တက္ကသိုလ် လူမှုရေးသိပ္ပံဌာနမှ ဌာနမှူး ‌ဒေါက်တာ ဆစ်စကွန်း ကစ်ကျနုကွန်းက “မြစ်ချောင်းအင်းအိုင် အဆိပ်သင့်ညစ်ညမ်းမှုကြောင့် လူနေမှုဘဝတွေ ထိခိုက်တယ်။ ရွာသားတွေ ငါးဖမ်းလို့ မရတော့ဘူး၊ ငါးမရောင်းရတော့ဘူး၊ အရောင်းအဝယ်သမားတွေလည်း  စီးပွား‌‌ရေးခက်ခဲတယ်၊ မြစ်ချောင်းနားနီး ဟိုတယ်တွေလည်း ဧည့်သည်အလာ ကျဲသွားတယ်။ ကာစတန်မာတွေ ယုံကြည်စိတ်ချရအောင် လုပ်ရတာ စရိတ်ပိုကုန်တယ်။ ငါးကင်ဆိုင်တွေဆို ပိတ်ထားရတယ်။ ကျနော်တို့နိုင်ငံဘက်ကတော့ ‌‌‌‌ရေကို ဓာတ်ခွဲစစ်ဆေးတာပဲ လုပ်နေတယ်။ ပြဿနာရဲ့ အရင်းအမြစ်က မြန်မာပြည်ဘက်မှာ” လို့ ပြောပါတယ်။

ထိုင်းဘက်ကို စီးဆင်းလာတဲ့ နမ့်ခုတ်မြစ်ဟာ ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ် မိုင်းယောင်းဒေသကနေ စီးဆင်းလာတာ ဖြစ်ပါတယ်။

အဲဒီနောက် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် မဲ့အိုင်းမြို့နယ်၊ ချင်းရိုင်းခရိုင် ကျိန်းဆဲန်မြို့နယ်ထဲ ဖြတ်သန်းပြီး မဲခေါင်မြစ်ထဲ စီးဝင်ပါတယ်။

မိုင်းယောင်းဒေသမှာတော့ UWSA ‘ဝ’ တပ်ဖွဲ့ ထိန်းချုပ်တဲ့ တရုတ်ကုမ္ပဏီက သတ္တု တူးဖော်နေတဲ့အပြင် မယ်ဆိုင်ချောင်း‌‌ရေဟာလည်း ထိုင်း-မြန်မာ နှစ်နိုင်ငံကြား စီးဆင်းပြီး တာချီလိတ်မြို့နယ်ထဲမှာလည်း ဆိုင်ယာနိုက်ဓာတ် အသုံးပြုကာ ရွှေတွေတူးဖော်လို့  ရေညစ်ညမ်းမှုရှိကြောင်း SHRF အဖွဲ့အစည်းက ထုတ်ပြန်ထားပါတယ်။

၂၀၂၄ နှစ်ကစ နမ့်ခုတ်မြစ်ဟာ ထူးခြားစွာ နောက်ကျိနေပြီး ရေကစားတဲ့ ကလေးတွေလည်း အရေပြားရောဂါတွေ ရတယ်။ ဒါကြောင့် ထိုင်းသဘာဝဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က အဆိုပါ ရေကို ဓာတ်ခွဲခန်းပို့ပြီး စစ်ဆေးရာမှာ ရွှေသတ္တုတူးဖော်ရာက စွန့်ပစ်တဲ့ အာဆင်းနစ်ဓာတ် ပါဝင်မှုနှုန်း စံချိန်ထက် ပိုများနေတာလို့ ဆိုပါတယ်။

ချင်းရိုင်းခရိုင်တွင်း စီးဆင်းတဲ့ နမ့်ခုတ်နဲ့ မဲခေါင်မြစ်ထဲက ငါးခူတွေမှာလည်း ငါးအရေပြားရောဂါ အညိုအမည်းနဲ့ အရည်ကြည်ဖုတွေ တွေ့ရှိတယ်လို့ ထိုင်းသုတေသီတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်က လက်ရှိကျင်းပနေတဲ့ အာဆီယံ အစည်းအဝေးမှာ အလွတ်သဘော ဆွေးနွေးမယ်လို့ ချန်နယ်လ် ၃ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ထိုင်းကာကွယ်ရေးဝန်ကြီးနဲ့ ဒုဝန်ကြီးချုပ် ဖုမ်းထမ်း ဝေ့ချယချိုင်းကတော့ သတ္တုတူးဖော်တဲ့ နေရာဟာ ထိုင်းနိုင်ငံရဲ့ ပြင်ပမှာဖြစ်ပြီး မြန်မာပြည်ရဲ့ အတွင်းရေးဖြစ်နေတာကြောင့် ဝင်ရောက်ဖြေရှင်းဖို့ ခက်ခဲတယ်၊ ဆည်တမံတွေ တည်ဆောက်ဖို့ ပြောပါတယ်။

ထိုင်း People’s Party အမတ်လည်းဖြစ် နယ်စပ်အမျိုးသားလုံခြုံရေးကောင်စီ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ရန်းဆီမန်းရုမ်းကတော့ “ဒီပြဿနာကို ဖြေရှင်းဖို့အတွက် တရုတ်နိုင်ငံနဲ့ပါ ဆွေးနွေးဖို့ ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးနဲ့ နိုင်ငံခြား‌ရေးဝန်ကြီးကို အကြံပြုတယ်။ ဒီပြဿနာနဲ့ ပတ်သက်ပြီး တရုတ်က ဘယ်လိုမြင်သလဲပေါ့။ သူ့အနေနဲ့ အပြည့်အဝ ဖြေရှင်းပေးချင်မှ ဖြေရှင်းမယ်။ ဒါပေမဲ့ ထိုင်းအနေနဲ့ ဒီပြဿနာကို ဒီတိုင်းကြည့်နေမှာ မဟုတ်ဘူး၊ လက်မခံနိုင်ဘူး ဆိုတဲ့အကြောင်း မိမိရပ်တည်ချက်ကို ပြတ်ပြတ်သားသား ပြသရမှာဖြစ်တယ်” လို့ ဆိုပါတယ်။

တရုတ်ကို ဆွေးနွေးဖို့ အကြံပြုရတဲ့ အကြောင်းကတော့ မြန်မာစစ်ကောင်စီအနေနဲ့ အဲဒီ ‘ဝ’ ဒေသဘက်ကို ဝင်ရောက်စွက်ဖက်လို့ မရဘူး၊ သတ္တုတူးဖော်နေတာကတော့ တရုတ်ကုမ္ပဏီတွေ ဖြစ်နေတာကြောင့်လို့ ဆိုပါတယ်။

ဆန္ဒပြသူတွေဟာ လာမယ့် ဇွန် ၅ ရက် မနက် ၉ နာရီမှာလည်း ချင်းရိုင်းမြို့  နယ်စပ်ပညာရေးဌာန၊ ထိုင်းစစ်တပ်ကျောင်းရှေ့မှာ စုဝေးပြီး စီတန်းလှည့်လည်ကာ ခရိုင်ဝန်ရုံးကို ချီတက်ပြီး စာတစောင် ပေးပို့ဖို့ရှိတယ်၊ မြစ်ကမ်းတလျှောက်နေ တိုင်းရင်းသားပြည်သူတွေ လာရောက် အင်အားပြဖို့လည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။

Source: MCOT News / Thai PBS / The Reporters / Transborders News

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013