
ရခိုင်ပြည်နယ်က အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြို့နယ်တွေက ရွှေဆိုင်တွေမှာ ဝယ်ယူမှုထက် ရောင်းချမှုနဲ့ ပေါင်းနှံမှုတွေသာ များပြားလာကြတယ်လို့ ရွှေလုပ်ငန်း လုပ်ကိုင်သူ တွေထံက သိရပါတယ်။
ရခိုင်မှာ မြို့သိမ်းတိုက်ပွဲတွေ စတင်ဖြစ်ပွားကတည်းက ဒေသခံတွေဟာ စီးပွားရေးကျပ်တည်းမှုနဲ့ ငွေကြေးဖောင်းပွမှုတွေကို ရင်ဆိုင်နေကြရပြီး စားဝတ်နေရေးနဲ့ အလုပ်လုပ်ကိုင်ကြဖို့ ရွှေတွေ ရောင်းချမှုနဲ့ ပေါင်နှံမှု မြင့်တက်လာရတာလို့ ရွှေဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်က ရွှေဆိုင်ပိုင်ရှင်တယောက်က “တိုက်ပွဲကာလစကတည်းက ရွှေအဝယ်က အတော်လေးကို နည်းတယ်။ အရောင်းတွေပဲ များတယ်။ ပေါင်နှံသူတွေလည်း နေ့တိုင်းရှိ နေကြတယ်။ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေဟာ စီးပွားရေကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေကြရ တာကြောင့် ရှိတဲ့ ရွှေတို ရွှေစတွေကို ထုခွဲရောင်းချပြီး စားသောက်ကြရတာ။ နိုင်ငံခြားဝင်ငွေ ရှိတဲ့သူတွေ အနည်းငယ်လောက်ပဲ ရွှေဝယ်ယူမှုရှိတယ်။ ဒီဟာလည်း တလမှာ ရေတွက်လို့ရရှိနိုင်တဲ့ အရေအတွက်လောက်ပါပဲ။ ရောင်းချသူနဲ့ ပေါင်းနှံသူတွေက နေ့တိုင်းနီးပါးကို ရှိတာ။ တချို့ရက်ပိုင်း တွေဆို ငွေသားမရှိတာကြောင့် အဝယ်တွေတောင် ပိတ်ထားကြရတာတွေ ရှိတယ်” လို့ ပြောပါတယ်။
ရခိုင်မှာ တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတည်းက ဒေသခံတွင်း ထုတ်ကုန်တွေဟာ ပြည်မနဲ့ ပြည်ပကို တင်ပို့နိုင်ခြင်း မရှိတာကြောင့် စီးပွားရေးကျဆင်းမှုနဲ့ ဆက်တိုက်ရင်ဆိုင် နေကြရသလို မြို့နယ် ၁၆ ခုက လူဦးရေ ၇ သိန်းကျော်လောက်ဟာလည်း နေရပ်စွန့်ခွာ ထွက်ပြေး နေကြရတာကြောင့် ဆင်းရဲမွဲတေမှုနဲ့ စားနပ်ရိက္ခာ၊ အမိုးအကာ မလုံလောက်မှုတွေနဲ့ ရင်ဆိုင် နေကြရတာလည်း ဖြစ်ပါတယ်။
လက်ရှိမှာ ရခိုင်က ရွှေဆိုင်တွေဟာ ရောင်းချမှုထက် ပေါင်နှံမှုတွေက အတိုးနှုန်းတွေကို အားထား နေကြရတာကြောင့် ပြင်ပက ရွှေပန်းထိမ်ဆရာတွေဟာ အလုပ်ရှားပါးမှုတွေနဲ့ ရင်ဆိုင်နေကြရတယ် လို့ နောက်ထပ် ပုဏ္ဏားကျွန်းမြို့က ပန်းထိမ်ဆရာတယောက်က ပြောပါတယ်။
“အရင် ပုံမှန်အခြေအနေတုန်းကဆိုရင် ဆိုင်တွေက ရွှေထည်တွေ လုပ်ဖို့ အော်ဒါတွေရတာပေါ့။ အခု တိုက်ပွဲကာလ ရောက်ကတည်းက ရွှေထည်အော်ဒါတွေက အရမ်းနည်းသွားပြီ။ ဒီအလုပ် တခု တည်းနဲ့ မိသားစုစားဝတ်နေရေး အဆင်မပြေတော့ဘူး။ ရွှေဆိုင်တွေကလည်း အရောင်းထက် ပေါင်နှံမှုတွေက အတိုးနှုန်းတွေနဲ့ ရပ်တည်နေကြတာ များတယ်။”
တိုက်ပွဲကာလအတွင်းမှာ ပြင်ပက အော်ဒါယူပြီး လုပ်နေကြတဲ့ ရွှေပန်းထိမ်ဆရာတွေဟာ အလုပ်အပ်နှံသူ နည်းပါးတာတွေကြောင့် တခြားကုန်သည်ဘက်ကို ရွှေ့ပြောင်းသွားကြတယ်လို့ ပန်းထိမ်လုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်က ထွက်ကုန်တွေဖြစ်တဲ့ ဆန်၊ စပါးနဲ့ ရေထွက် ငါး၊ ပုစွန်တွေကိုလည်း တင်ပို့နိုင်ဖို့ ဈေးကွက် မရှိတာကြောင့် တောင်သူတွေနဲ့ ရေလုပ်ငန်းလုပ်ကိုင်သူတွေ အရှုံးတွေနဲ့ ရင်ဆိုင်နေကြ ရပြီး ရွှေတို၊ ရွှေစတွေကို ရောင်းချကာ ရင်းနှီးနေကြရတယ်လို့ ဒေသခံက ပြောပါတယ်။
ဒါ့အပြင် စစ်ဘေးရှောင်တွေဟာလည်း နေရာသစ်တွေမှာ အလုပ်အကိုင် ရှားပါးတာကြောင့် စားသောက်ဖို့ နဲ့ ရင်းနှီးမြှုပ်နှံဖို့ ပါလာတဲ့ရွှေတို၊ ရွှေစတွေကို ထုခွဲရောင်းချပြီး ဖြေရှင်းနေကြ ရပါတယ်။










