
ရုရှားက ယူကရိန်းအပေါ် အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှုကြီး ပြုလုပ်အပြီးမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ “လုံးဝရူးသွားပြီ” လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မှတ်ချက်ချခဲ့ပါတယ်။
အလားတူ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးလည်း အပြောအဆိုဆင်ခြင်ဖို့ ထရမ့်ပ်က သတိပေးပါတယ်။
“ရုရှားက ဗလာဒီမာပူတင်နဲ့ ကျုပ်နဲ့ကြားမှာ အင်မတန်ကောင်းတဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီလူ တခုခုဖြစ်သွားပုံပဲ။ လုံးဝကို ရူးသွပ်သွားတာ။ မလိုအပ်ဘဲနဲ့ လူတွေအများကြီး လျှောက်သတ်နေတယ်။ စစ်သားတွေအကြောင်း ပြောနေတာ မဟုတ်ဘူးနော်။ ယူကရိန်း မြို့ကြီးတွေကို အကြောင်းပြချက်မရှိဘဲနဲ့ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ လျှောက်ပစ်နေတာ” လို့ ထရမ့်ပ်က သူ့လူမှုကွန်ရက် Truth Social မှာ ဝေဖန်ခဲ့ပါတယ်။
“ကျုပ်အမြဲပြောတယ်။ သူက ယူကရိန်း အကုန်လုံးကို လိုချင်နေတာလို့၊ တစိတ်တပိုင်းကို လိုချင်တာမဟုတ်ဘူး။ အဲဒါ မှန်နေတဲ့ပုံပဲ။ အဲဒီလိုဆိုရင်တော့ ရုရှားကျဆုံးခန်းကို ဦးတည်သွားလိမ့်မယ်” လို့ ထရမ့်ပ်က ပူတင်ကို သတိပေးခဲ့ပါတယ်။
“အလားတူပဲ၊ သမ္မတ ဇလန်းစကီးလည်း အခု သူပြောနေတဲ့ ပုံစံအတိုင်း ဆက်ပြောနေရင် သူ့နိုင်ငံအတွက် မျက်နှာသာရမှာ မဟုတ်ဘူး။ သူ့ပါးစပ်က ထွက်သမျှ စကားတိုင်းက ပြဿနာဖြစ်နေတယ်။ ကျုပ်တော့ သဘောမကျဘူး။ ရပ်လိုက်တာ ပိုကောင်းမယ်” လို့ ယူကရိန်းသမ္မတကိုလည်း သတိပေးပါတယ်။
ရုရှားရဲ့တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်က နှုတ်ဆိတ်နေတာကြောင့် ပူတင်ကို မြှောက်ပေးသလို ဖြစ်နေတယ်လို့ ဇလန်းစကီးက ဝေဖန်ခဲ့အပြီးမှာ ထရမ့်ပ်က အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။
မော်စကိုအပေါ် တင်းကျပ်တဲ့ အရေးယူပိတ်ဆို့မှုတွေနဲ့ ဖိအားကောင်းကောင်းပေးဖို့လည်း ယူကရိန်းသမ္မတက တောင်းဆိုထားပါတယ်။
“ဒီစစ်ပွဲက ကျုပ် သမ္မတဖြစ်နေတဲ့အချိန် စခဲ့တာမဟုတ်ဘူး။ ဒါက ဇလန်းစကီးရဲ့ စစ်ပွဲ၊ ပူတင်ရဲ့ စစ်ပွဲ၊ ဘိုင်ဒင်ရဲ့ စစ်ပွဲ၊ ထရမ့်ပ် စစ်ပွဲ မဟုတ်ဘူး။ တော်တော်ဆိုးရွားတဲ့ ညံ့ဖျင်း အရည်အချင်း မပြည့်မီမှုနဲ့ အမုန်းတရားတွေကြောင့် စခဲ့တဲ့ ဒီကြီးမား အရုပ်ဆိုးတဲ့ မီးကို ငြှိမ်းဖို့ပဲ ကျုပ်က ကူညီပေးနေတာ” လို့လည်း ထရမ့်ပ်က မှတ်ချက်ပေးခဲ့ပါတယ်။
တနင်္ဂနွေနေ့ညပိုင်းမှာ ရုရှားက ဒရုန်းနဲ့ ဒုံးကျည် ၃၆၇ စင်းသုံးပြီး ယူကရိန်းနိုင်ငံတဝန်း တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၁၂ ယောက် သေဆုံးပြီး ဒါဇင်ချီ ဒဏ်ရာရခဲ့ပါတယ်။
ဒါဟာ ၂၀၂၂ ရုရှား အလုံးစုံကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း တညတည်းမှာ အင်အားအများဆုံးသုံးပြီး တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
ထူးခြားချက်ကတော့ ဒီရက်ပိုင်းမှာ ဒရုန်းတိုက်ခိုက်မှုဟာ တရက်ထက်တရက် အရေအတွက် ဆက်တိုက် စံချိန်တင်နေတာ ဖြစ်ပါတယ်။
ထရမ့်ပ်ဟာ နယူးယောက်မှာ သတင်းထောက်တွေနဲ့ စကားပြောခဲ့ချိန်မှာလည်း ပူတင်လုပ်နေတာတွေကို သဘောမကျဘူးလို့ မှတ်ချက်ချခဲ့သလို အရေးယူပိတ်ဆို့မှုတွေ တိုးမြှင့်ဖို့ စဉ်းစားနေသလားဆိုတဲ့ မေးခွန်းကိုလည်း လုံးဝသေချာတာပေါ့လို့ မှတ်ချက်ပေးခဲ့ပါတယ်။ အဲဒီလို ပြောဆိုခဲ့ပြီး မကြာမီမှာ Truth Social မှာ ပို့စ်တင်ခဲ့တာ ဖြစ်ပါတယ်။
Source: Reuters