
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ထဲမှာ မေ ၂၂ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲတွေပြင်းထန်နေသလို စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းကနေ တောက်လျှောက်တိုက်ခိုက်နေလို့ တိုက်ပွဲဖြစ်နေတဲ့အနီးအနား ကျေးရွာတွေက ထောင်ချီတဲ့ ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။
တောင်ငူခရိုင် ပကဖ တာဝန်ခံက “တောင်ငူအနောက်ဘက် အမြန်လမ်းမကြီး မိုင်တိုင် ၁၄၇ အနားဝန်းကျင်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ စစ်တပ်ဘက်ကတော့ ရဟတ်ယာဉ်တွေရော၊ တိုက်လေယာဉ်တွေနဲ့ပါ အဆက်မပြတ် ဗုံးကြဲနေတယ်။ သူတို့ဘက်က မြေပြင်မှာတော့ အထိနာတယ်” လို့ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တောင်ငူလမ်းဆုံအနောက်ဘက်၊ ပန်းဘဲချောင်း အနောက်ဘက်ခြမ်းမှာရှိကြတဲ့ စပါးကြွယ်၊ ကြက်ရိုးပင်၊ ငုံးမင်း၊ တောပု၊ ဇီးပင်သာ၊ ငုံးမင်းကျေးရွာတို့က ထောင်ချီတဲ့ဒေသခံတွေဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
ပဲခူးတိုင်း စစ်ရေးတာဝန်ခံက “သူတို့ဘက်က တင့်ကားတွေ၊ လေကြောင်းပစ်ကူတွေ တရစပ် လုပ်နေတယ်။ တိုက်ပွဲကဖြစ်နေဆဲမို့လို့ ထိခိုက်ပျက်စီးတဲ့ အခြေအနေတော့ မသိရသေးဘူး။ အချိန်တန်ရင် မြေပြင်အဖွဲ့တွေဘက်က သတင်းထုတ်ပြန်ပေးပါလိမ့်မယ်ဗျ” လို့ DVB ကို ပြောပါတယ်။
မေ ၂၄ ရက်နေ့အထိ တိုက်ပွဲတွေပြင်းထန်နေပြီး တိုက်ပွဲအခြေအနေတွေကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က သတင်းထုတ်ပြန်လာတာတော့ မတွေ့ရသေးဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တောင်ငူမြို့နယ်၊ စပါးကြွယ်ရွာအနီးမှာရှိတဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ဝင်ရောက်တိုက်ခိုက်နေတာလို့ သိရပေမယ့် DVB အနေနဲ့ကတော့ သီးခြား အတည်မပြုနိုင်သေးပါဘူး။