
ဧရာဝတီတိုင်းအဝင်မှာရှိတဲ့ ပန်တိုင်ဂိတ်မှာ စစ်ကောင်စီတပ်က ကုန်တင်ကားတွေကို စစ်ဆေးဖမ်းဆီးပြီး ကုန်ပစ္စည်းတွေကို သိမ်းယူနေတယ်လို့ ကုန်ကားပိုင်ရှင်တွေဆီကနေ သိရပါတယ်။
မေ ၂၁ ရက်နဲ့ ၂၂ ရက်က ဧရာဝတီတိုင်းကနေ ရန်ကုန်ကိုတင်ပို့တဲ့ကား ၁ စီး ပေါ်က ဆန်တွေနဲ့ ရန်ကုန်ကနေလာတဲ့ ကုန်ကား ၂ စီးပေါ်ကနေ ကုန်ပစ္စည်းတွေကို သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။
ကုန်ကားသမားတွေနဲ့ နီးစပ်သူတယောက်က “ရန်ကုန်ကနေ ထွက်လာတဲ့ကားပေါ်ကနေ လူသုံးကုန်ပစ္စည်းတွေယူခဲ့တာ။ ဧရာဝတီတိုင်းကနေ တင်ပို့တဲ့ကားကတော့ ဆန်တွေလို့ သိရတယ်။ တရားမဝင်ကုန်စည်ဆိုပြီး သိမ်းတာပေါ့နော်။ ဆန်တွေက တရားမဝင်ကုန်စည်တဲ့လား။ တော်တော်ဆိုးဆိုးဂိတ်ပါ” လို့ ပြောပါတယ်။
အဲဒီ ကုန်ကားတွေဟာ ရန်ကုန်နဲ့ ဧရာဝတီတိုင်းဘက်ကို ကုန်သွယ်နေတဲ့ကုန်တင်ကားတွေဖြစ်ပြီး ပန်တိုင်ဂိတ်က အရပ်ဝတ်နဲ့ သေနတ်ဘေးချိတ်ထားသူ ၄ ယောက်နဲ့ ပြည် သူ့ပြောက်ကျားစစ်ဝတ်စုံ ဝတ်ထားသူ ၄ ယောက်က ပစ္စည်းတွေသိမ်းယူရာမှာ အဓိကပါဝင်သူတွေလို့ ဆိုပါတယ်။
မျက်မြင်တွေ့ရှိသူ ညောင်တုန်းမြို့ခံတယောက်က “တရားမဝင်ကုန်စည်ဆိုပြီး ဖမ်းနေတာပဲ။ ကုန်ကားချည်ပဲဖမ်းနေတာမဟုတ်ဘူး။ ခရီးသည်ကား၊ ဆိုင်ကယ် အကုန်ဖမ်းတာ။ အရင်ထက် ပိုအဖမ်းကြမ်းနေတယ်။ သွားလာလုပ်ကိုင်နေတဲ့လုပ်ငန်းရှင်တွေအနေနဲ့ အချက်အလက် အပြည့်အစုံ အထောက်အထားလေးတွေလုပ်ပြီး အလုပ်တွေလုပ်ကြဖို့ ဆော်သြချင်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ပူးပေါင်းအဖွဲ့တွေဟာ ဧရာဝတီတိုင်းအဝင် ပန်တိုင်ဂိတ်မှာ တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီး ကုန်တင်ကားတွေအနေနဲ့ ဂိတ်ကိုဖြတ်တိုင်း ငွေကြေးပေးရပြီးနောက် အခုလို ပစ္စည်းသိမ်းယူတဲ့ အထိပါ လုပ်လာတာလို့ သိရပါတယ်။
အရင်ကတော့ ကုန်တင်ယာဉ်တွေပဲ ငွေကြေးပေးဖြတ်ကြရပြီး အခုအခါ ခရီးသည်တင်ယာဉ်နဲ့ တနိုင်တပိုင် ရန်ကုန်ဈေးတက်ဝယ်ပြီး ပြန်လာတဲ့ကားတွေပါ ငွေပေးမှ ဖြတ်လို့ရတော့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။