ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်မှာ မေ ၂၃ ရက် မနေ့ညနေပိုင်းက ဆီဘောက်ဆာကား ဘရိတ်ပေါက်ပြီး ကားနဲ့ ဆိုင်ကယ် ၅ စီးဆင့်တိုက်တာကြောင့် လူ ၃ ယောက်သေ၊ ၄ ယောက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တောင်ကြီး-ဟိုပုံး ပြည်ထောင်စုလမ်းမကြီးပေါ် ပင်းပက်သံတောင်လမ်းခွဲအထက်၊ နောင်လန်ရွာနားမှာ ဆီဘောက်ဆာကားတစီး ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်တော့ဘဲ ကား ၄ စီးဆင့်တိုက်သလို ဆိုင်ကယ်တစီးပါ ကားအောက်ရောက်သွားခဲ့တာလို့ ဆိုပါတယ်။
ညနေ ၅ နာရီမှာ ယာဉ်တိုက်မှုဖြစ်ခဲ့ပြီး အနီးအနားက ဓာတ်တိုင်ဓာတ်ကြိုးတွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။
နောင်လန်ရွာနေဒေသခံတယောက်က “ဆိုင်ကယ်က ကားအောက်ရောက်သွားတယ်။ ဆိုင်ကယ်ပေါ်က လူလည်းအပိုင်းပိုင်းဖြစ်သွားတယ်။ မီးလည်းအကြီးအကျယ်လောင်တော့ အရမ်းကြောက်ဖို့ကောင်းတယ်။ အဲနေရာကလည်း ဆိုင်ကယ်၊ ကား ခဏခဏမှောက်တယ်” လို့ ပြောပါတယ်။
အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ အမျိုးသား ၄ ယောက် ကိုတော့ တောင်ကြီး စပ်စံထွန်းဆေးရုံဆီကို ပို့ပေးခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က ပြောပါတယ်။
မီးလောင်တာကို တောင်ကြီးမြို့နယ် မီးသတ်နဲ့ ကြက်ခြေနီတပ်ဖွဲ့တွေက သွားရောက်မီးငြိမ်းသတ်ကာ မိနစ် ၄၀ ကျော်ကြာ ငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။
လမ်းခင်းဖို့အတွက် လမ်းမပေါ်ပုံထားတဲ့ ကျောက်ပုံကို ဆီဘောက်ဆာကားက တိမ်းရှောင်ဖို့ကြိုးစားတုန်း ဘရိတ်ပေါက်သွားပြီး ကား ၄ စီးနဲ့ ဆိုင်ကယ် ၁ စီးကိုပါတိုက်ပြီး မီးလောင်ကျွမ်းခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။