
ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်မှာ စစ်အာဏာရှင်လက်အောက်ခံ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီး ခေါ်ဆောင်ခံရတဲ့ လူငယ် တယောက် တလကျော်ကြာ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူ တွေထံက သိရပါတယ်။
ဧပြီ ၁၈ ရက်မှာ ဟိုပုံးမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေက တောင်ရပ်ကွက်၊ နယ်မြေ ၁ ရှိ နေအိမ်မှ ညီအစ်ကို ၂ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေအနက် အစ်ကိုဖြစ်သူကို လက်ရှိအချိန်ထိ ထိန်းသိမ်းထားဆဲဖြစ်ပြီး ညီဖြစ်သူကို ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပေမဲ့ ဒီနေ့အထိ နေအိမ်ကို ပြန်မရောက်ရှိသေးဘဲ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
နီးစပ်သူတယောက်က “မောင်လေးကို ညတွင်းချင်း လွှတ်ပေးလိုက်တယ်လို့ ပြောတယ်။ ဒါပေမဲ့ အခုထိ အိမ်ပြန်မရောက်သေးသလို အဆက်အသွယ်လည်း မရသေးပါဘူး။ ဘယ်မှာရှိနေတယ် ဆိုတာ သတင်းအစအန မရသေးပါဘူး။ မိသားစုတွေ အရမ်းသောက ရောက်နေရတယ်” လို့ ပြောပါတယ်။
ပျောက်ဆုံးနေသူမှာ ကျန်းမာရေးချူချာသူတယောက်ဖြစ်ပြီး ရဲစခန်းမှာ ရှိနေပါက အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ တရားမျှတမှု ရရှိစေဖို့ မိသားစုဝင်တွေက တောင်းဆိုထားပါတယ်။
လက်ရှိအချိန်ထိ ပျောက်ဆုံးနေသူ ခွန်ကျော်ရဲနိုင် (ခ) ခွန်လှကျော်နဲ့ ပတ်သက်တဲ့ သတင်းအချက် အလက် တစုံတရာ မသိရသေးဘဲ တွေ့ရှိပါက မိသားစုထံ အကြောင်းကြားပေးဖို့ အကူအညီ တောင်းခံထားကြောင်း သိရပါတယ်။










