
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် ကျောက်တန်းဒေသ ထီဖြွမ်းရွာမှာ မေ ၁၉ ရက်က နေအိမ်တလုံး ဖောက်ထွင်းခိုးယူခံရပြီးနောက် အိမ်ကိုပါ မီးရှို့ခံရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမည်မသိသူခိုးတွေဟာ နေအိမ်ထဲ ဖောက်ဝင်ပြီး ငွေကျပ် သိန်း ၂၀ နဲ့ ရွှေ ၁၆ ကျပ်သားကို ခိုးယူသွားခဲ့ပြီးနောက် နေအိမ်ကို မီးတင်ရှို့သွားခဲ့တာလို့ ဆိုပါတယ်။
ခိုးယူခံရတဲ့ ငွေနဲ့ ရွှေတွေဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ သားသမီးတွေက နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီး စုဆောင်းပေးပို့ထားတဲ့ ပစ္စည်းတွေ ဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
မိသားစုဝင်တယောက်က “သူခိုး ခိုးသွားတဲ့ ရွှေတွေက ကျမတို့ မောင်နှမ ၄ ယောက် ထိုင်းမှာ နှစ်ဆယ်ချီနေပြီး စုထားတဲ့ ပစ္စည်းတွေပါ။ ကျမတို့က မကြာခင် အမေနားပြန်နေဖို့ စဉ်းစားထားကြတာကို အခုလို ခိုးသွားတာပါ။ ပစ္စည်းခိုးရုံတင်မကဘူး၊ အမေအိမ်ကိုပါ မီးရှို့သွားတော့ တော်တော် စာနာစိတ်မရှိတဲ့ လုပ်ရပ်ပါ” လို့ DVB ကို ပြောပါတယ်။
မီးလောင်မှုဖြစ်နေချိန်မှာ ရွာသားတွေက မီးခိုးမြင်တာနဲ့ အချိန်မီ ဝိုင်းဝန်း ရေသယ် ငြှိမ်းသတ်ခဲ့ကြတာကြောင့် မီးထိန်းနိုင်ခဲ့ပြီး တအိမ်လုံး မီးလောင်ပျက်စီးသွားတာမျိုးတော့ မဖြစ်ခဲ့ဘူးလို့ သိရပါတယ်။
ဒေသခံတယောက်က “မီးခိုးထွက်နေတာ မြင်တာနဲ့ ရွာသားတွေ အကုန်ပြေးလာပြီး ရေဝိုင်းလောင်းကြတာ။ အချိန်မီ ငြှိမ်းနိုင်လိုက်လို့သာ တအိမ်လုံး မီးမလောင်သွားတာ” လို့ ပြောပါတယ်။
လက်ရှိအချိန်ထိ ကျူးလွန်သူကို ဖမ်းမမိသေးဘဲ အိမ်မှာ ငွေရှိတာကို သိထားသူ တယောက်ယောက် ပါဝင်ပတ်သက်နိုင်တယ်လို့ ဒေသခံတွေကြား ယူဆ ပြောဆိုနေကြပါတယ်။










