
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ တောင်ရပ်ကွက်၊ နယ်မြေ ၁ မှာ သူငယ်ချင်း ၂ ယောက် အရက်သောက်ရင်း စကားများပြီး သစ်သားတုံးနဲ့ ရိုက်သတ်မှု ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၁၈ ရက် ညနေက ခွန်တလဲင်နဲ့ ခွန်မောင်ချားတို့ သူငယ်ချင်း ၂ ယောက် အတူထိုင်ပြီး အရက်သောက်နေကြတုန်း စကားများကာ ရန်ဖြစ်သွားခဲ့ပါ။
အဲဒီနောက် ခွန်မောင်ချားက ယူကလစ် သစ်သားတုံးနဲ့ ရိုက်လိုက်တာကြောင့် ခွန်တလဲင်မှာ နားဘက်၊ ပါးစပ်နဲ့ ခေါင်းဘက်တွေမှာ ပြင်းထန်တဲ့ဒဏ်ရာတွေ ရပြီး နေရာတင် သေဆုံးသွားတယ်လို့ သိရပါတယ်။
မြို့ခံတယောက်က “သူငယ်ချင်းချင်း စကားနည်းနည်း မတည့်တာကနေ ဒီလိုဖြစ်သွားတာ စိတ်မကောင်းပါဘူး။ အရက်သောက်ပြီး မထိန်းနိုင်တော့ရင် အခုလို ပြဿနာကြီးတွေ ဖြစ်လာတတ်တယ်။ မိဘတွေကိုပဲ သနားပါတယ်” လို့ ပြောပါတယ်။
လက်ရှိမှာတော့ ခွန်မောင်ချားကို ဟိုပုံးမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားပြီး အရေးယူနေပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဟိုပုံးမြို့မှာ မူးယစ်ဆေးဝါးတွေ လွယ်လွယ်ကူကူ ရောင်းဝယ်နေကြတာကြောင့် လူငယ်တွေထဲပါ သုံးစွဲမှုများလာပြီး အခုလို ရာဇဝတ်မှုတွေ ပိုတိုးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။










