
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ အမှတ် ၁၃ ရပ်ကွက်၊ ငုဝါလမ်းမှာ မေ ၂၂ ရက်၊ ညနေ ၅ နာရီ ၄၅ မိနစ်က ပန်းဝါအပ်ချည်ဆိုင်မှာ ဈေးဝယ်နေတဲ့ ကျောင်းဆရာမတယောက်ကို မော်တော်ယာဉ် တစီးက ဝင်တိုက်လို့ သေဆုံးသွားပါတယ်။
အခြေခံပညာစာသင်ကျောင်းမှာ ကျောင်းအပ်လက်ခံပြီးအပြန် ညနေပိုင်းမှာ ပန်းဝါအပ်ချည်ဆိုင်မှာ ဈေးဝယ်နေတဲ့အချိန် အိမ်စီးမော်တော်ယာဉ်တစီးက အရှိန်လွန်ပြီး ဝင်တိုက်မိတာကြောင့် ဆရာမတယောက် သွေးထွက်လွန်ကာ ဆေးရုံအရောက် သေဆုံးသွားတာလို့ ဆိုပါတယ်။
ပုသိမ်မြို့ခံ မျက်မြင်တွေ့ရှိသူက “အပ်ချည်ဆိုင်ကို တိုက်တဲ့အချိန်မှာ ကျောင်းဆရာမ ဈေးဝယ်နေချိန်ဆိုတော့ ဝင်တိုက်ခံရတာ။ ဝင်တိုက်တဲ့ကားက YGN 22/ 6S 3360 ရန်ကုန်လိုင်စင်နဲ့ အိမ်စီးကားပါ။ အရှိန်လွန်ပြီး ရပ်ထားတဲ့ ဆိုင်ကယ်ကို ဝင်တိုက်ခဲ့တာပါ။ အဲဒီနောက်မှာ ပန်းဝါအပ်ချည်ဆိုင်ကို ထပ်ပြီး ဝင်တိုက်မိသွားတာ။ အတိုက်ခံရတဲ့ဆရာမက ဒဏ်ရာအရမ်းပြင်းတော့ သွေးထွက်လွန်ပြီး ဆေးရုံအရောက်မှာ သေဆုံးသွားတာ” လို့ ပြောပါတယ်။
အဲဒီ အိမ်စီးမော်တော်ယာဉ်ဟာ အရှိန်လွန်ပြီး တခြားမော်တော်ယာဉ်တွေကိုလည်း ဆင့်တိုက်မိပြီးနောက် ပန်းဝါအပ်ချည်ဆိုင်ကို ထပ်ဆင့်ဝင်တိုက်ခဲ့ရာ အပ်ချည်ဆိုင်အတွင်းက တခြားသူတွေ ထိခိုက်တာမရှိပေမဲ့ ဈေးဝယ်နေတဲ့ ကျောင်းဆရာမတယောက်တည်း တိုက်ခံရတာလို့ ဆိုပါတယ်။
ဈေးဆိုင်နဲ့ ဆရာမကို ဝင်တိုက်သွားတဲ့ မော်တော်ယာဉ်မောင်းကတော့ ထွက်ပြေး တိမ်းရှောင်သွားတာကြောင့် စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ ယာဉ်ထိန်းရဲတွေက စုံစမ်းစစ်ဆေးနေကာ ဒီနေ့ ညနေပိုင်းအထိ ဖမ်းမမိသေးဘူးလို့ သိရပါတယ်။