
နေအိမ်ကနေ ဘောလုံးသွားကန်ရာက ၃ ရက်ကြာ ပျောက်ဆုံးနေတဲ့ ပဲခူးမြို့က ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသားကို ဒီနေ့ မေ ၂၃ ရက် မနက်မှာ အသတ်ခံထားရတဲ့ အနေအထားနဲ့ အလောင်းပြန်တွေ့ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ မဟာစေတီ ၃ လမ်းမှာ နေထိုင်တဲ့ အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသား မောင်သက်နိုင်မင်းဟာ မေ ၂၀ ရက် ညနေ ၅ နာရီက နေအိမ်ကနေ ဘောလုံးသွားကန်ရာက ပျောက်ဆုံးသွားတာလို့ မြိုခံတယောက်က ပြောပါတယ်။
“အဲ့ကောင်လေး အိမ်ကပျောက်သွားကတည်းက မိဘတွေက အရူးတပိုင်း လိုက်ရှာတာ၊ ရဲစခန်းမှာ လူပျောက်တိုင်ချက်ဖွင့်တယ်၊ လူမှုကွန်ရက်မှာ သူ့သားပုံတင်ပြီး အကုန်လုံးကို အကူအညီတောင်းတယ်၊ ဒီနေ့မနက် အသတ်ခံထားရတဲ့အလောင်းကို တွေ့တော့ မိဘတွေ ရင်ကျိုးတာပေါ့။”
မောင်သက်နိုင်မင်းရဲ့ မိဘတွေဟာ မေ ၂၀ ရက် ပျောက်ဆုံးချိန်ကစပြီး ဖေ့စ်ဘွတ်ခ်၊ တယ်လီဂရမ်နဲ့ တစ်ခ်တော့ခ် စတဲ့ လူမှုကွန်ရက် ပလက်ဖောင်းမှာ လူပျောက်ကြော်ငြာတင်ကာ အကူအညီတောင်းခဲ့ပါတယ်။
လတ်တလော ပဲခူးမြို့နယ်ရဲစခန်းက လူပျောက်မှုကနေ လူသတ်မှုကို ပြောင်းလဲဖွင့်လှစ်ထားပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
“ခြေတွေ လက်တွေကို နောက်ပြန်ကြိုးတုပ်ပြီး လည်ပင်းကို ကြိုးကွင်းစွပ်သတ်ထားတဲ့ ပုံစံမျိုးနဲ့ မဇင်းဆည်နားက လျှိုထဲမှာ ဒီနေ့မနက်တွေ့တာ၊ လူသတ်မှု ပြောင်းဖွင့်ထားတယ်၊ ဒီနှစ်မှ အထက ၃ မှာ ၇ တန်းတက်မယ့်ကလေးပါ။”
ဒီကနေ့ နေ့လယ် ၂ နာရီက ပဲခူးမြို့၊ ဆင်ဖြူကွင်းသုသာန်မှာ မောင်သက်နိုင်မင်းရဲ့ ရုပ်အလောင်းကို သင်္ဂြိုဟ်ခဲ့ပါတယ်။