
ယူကရိန်းနယ်စပ်မှာ ရုရှားက ကြားခံဇုန်တခု ဖန်တီးနေကြောင်း ရုရှားသမ္မတပူတင်က သူ့အစိုးရအဖွဲ့နဲ့ ဗီဒီယိုကတဆင့် ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။
“ကျနော် အစောပိုင်းက ပြောခဲ့သလိုပဲ၊ ယူကရိန်းနယ်စပ်တလျှောက်မှာ လိုအပ်နေတဲ့ လုံခြုံတဲ့ ကြားခံဇုန်တခု ဖန်တီးဖို့ ဆုံးဖြတ်ခဲ့ဖူးပါတယ်။ ကျနော့်တပ်ဖွဲ့ဝင်တွေလည်း ဒီတာဝန်ကို ပြီးမြောက်အောင် ကြိုးစားနေပါတယ်” လို့ ပူတင်က ပြောပါတယ်။
ပူတင်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ဖုန်းပြောတာနဲ့ ကတ်ခ်ဒေသကို အလည်အပတ် ရောက်ခဲ့ပြီးနောက် ရက်အနည်းငယ်အကြာမှာ ကြားခံဇုန်လုပ်မယ့်အကြောင်း ပြောဆိုခဲ့တာပါ်
မေ ၁၉ ရက် ဖုန်းပြောဆိုမှုအတွင်း နှစ်ဖက်သမ္မတတွေဟာ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးအကြောင်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
ဒီလို ဖုန်းခေါ်ဆိုနဲ့ပတ်သက်ပြီး ရုရှား-ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး ထရမ့်ပ်ရဲ့ လုပ်ဆောင်မှုကို ကျေးဇူးတင်ကြောင်း ပူတင်က ပြောပါတယ်။
ပြီးခဲ့တဲ့အပတ်ကလည်း ရုရှားနဲ့ ယူကရိန်း ကိုယ်စားလှယ်တွေဟာ ၂၀၂၂ မတ်လကစပြီး ပထမဆုံးအကြိမ် တူရကီမှာ မျက်နှာချင်းဆိုင် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ထရမ့်ပ်ရဲ့ ဆွေးနွေးပြီးနောက် ပူတင်က ရုရှားဟာ ယူကရိန်းနဲ့ အနာဂတ် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်လို့ သဘောတူစာချုပ်မူကြမ်း ပြုလုပ်ဖို့ အသင့်ရှိတယ်လို့လည်း ဆိုပါတယ်။
Wall Street ဂျာနယ်ရဲ့ ဖော်ပြချက်အရတော့ ပူတင်ဟာ ယူကရိန်းစစ်ပွဲကို ရပ်ဖို့ ဆန္ဒမရှိဘူးလို့ ထရမ့်ပ်က ဥရောပခေါင်းဆောင်တွေကို ပြောခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီဖော်ပြချက်ဟာ မမှန်ကန်တဲ့ ဖော်ပြမှုဖြစ်ကြောင်း ရုရှားက ကြာသပတေးနေ့မှာ တုံ့ပြန်ထားပါတယ်။
Source: Reuters